မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာအနီး မုဒုံ-သံဖြူဇရပ်ကားလမ်းတွင် မန္တလာမင်းခရီးသည်တင်ယာဉ်တစ်စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံနှင့် မန္တလာမင်းခရီးသည်တင်ယာဉ်လိုင်းတို့ထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ရောင်းဒေါင်းကျေးရွာအနီး မုဒုံ-သံဖြူဇရပ်ကားလမ်းတွင် မုဒုံမြို့ဘက်မှ သံဖြူဇရပ်မြို့ဘက်သို့ မောင်းနှင်လာသည့် မန္တလာမင်းခရီးသည်တင်ယာဉ်တစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က တားဆီးရပ်တန့်စေခဲ့သည်။
ယင်းနောက် ယာဉ်ပေါ်လိုက်ပါလာကြသည့် ခရီးသည်များအားလုံးကို ကားပေါ်ကဆင်းခိုင်းပြီး ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့်အတူ ခရီးသည်တင်ကားကို ကွမ်လှာကျေးရွာဘက်သို့ မောင်းနှင်သွားသည်ဟု မန္တလာမင်းခရီးသည်တင်ယာဉ်လိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ခရီးသည်ကားမှာက GPS ပါတော့ ကားကိုရှာတဲ့အခါမှာ ကွမ်လှာကျေးရွာသင်္ချိုင်းအနီးမှာ တွေ့ရလို့ မနေ့ (ဇန်နဝါရီလ ၆ ရက်နေ့) မနက် ၁ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားအလုံးအရင်းနဲ့ သေနတ်ပစ်ဖောက်ပြီးတော့ ဝင်ရောက်စီးနင်းတဲ့အခါမှာ ခရီးသည်တင်ကားကိုတော့ ပြန်ရတယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကိုတော့ လက်နက်ကိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ယူဆရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ကွမ်လှာကျေးရွာသင်္ချိုင်းအနီး ပြန်တွေ့သည့် မန္တလာမင်းခရီးသည်တင်ကားကို မုဒုံမြို့မရဲစခန်းသို့ မောင်းနှင်လာခဲ့ပြီး ယာဉ်ပေါ်ပါလာသည့် ခရီးသည်များ၏ ကုန်ပစ္စည်းများကို မုဒုံမြို့မရဲစခန်းမှ သံဖြူဇရပ်မြို့ရှိ မန္တလာမင်းကားဂိတ်သို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။
မန္တလာမင်းခရီးသည်တင်ကားပေါ်တွင် ခရီးသည် ၁၀ ဦးခန့် စီးနင်းလိုက်ပါလာသည်ဟုလည်း သိရသည်။
မန္တလာမင်း ခရီးသည်တင်ကားပေါ်သို့ လက်နက်ကိုင်တချို့တက်ရောက်လာပြီး ခရီးသည်များကို ကားပေါ်က ဆင်းခိုင်းစေခဲ့ကြောင်း ခရီးသည်များထံမှ လက်ကိုင်ဖုန်းနှင့် ပိုက်ဆံအိတ်များအပြင် အခြားမည်သည့်ပစ္စည်းမှ ယူဆောင်သွားခြင်းမျိုးမရှိကြောင်း ခရီးသည်များထံမှ သိရသည်။
“ကားထွက်သွားတော့ ဘာဆက်လုပ်ကြရမှန်းလည်းမသိကြဘူး။ အဲ့ဒီအချိန်မှာ လမ်းပေါ်မှာကားအသွားအလာကလည်း ရှင်းနေတယ်။ အဲ့ဒါနဲ့ပဲ သံဖြူဇရပ်မြို့ဘက်ကို လမ်းလျှောက်သွားကြတယ်။ နောက်မှ ကားကြုံတွေတွေ့ရလို့ သံဖြူဇရပ်မြို့ကို ပြန်ရောက်လာကြတာပါ။ လက်နက်ကိုင်တွေက လက်နက်ဖုန်းတွေမသိမ်းသွားလို့တော်သေးတယ်။ တချို့လည်း ကိုယ့်အိမ်ကို ဖုန်းဆက်ပြီးလာကြိုခိုင်းတာမျိုးတွေရှိကြပါတယ်။ ခရီးဆောင်အိတ်ကိုတော့ မနေ့က သံဖြူဇရပ်မြို့က မန္တလာမင်းဂိတ်ကိုရောက်လာတဲ့အတွက် သွားယူခဲ့ပြီးပါပြီး” ဟု ခရီးသည်တစ်ဦးက ပြောသည်။
မန္တလာမင်းခရီးသည်တင်ကားမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့သည် မည်သည့်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားကို လွတ်လပ်သော မွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
မုဒုံမြို့နယ်အတွင်း လှုပ်ရှားနေသည့် မွန်ပြည်သစ်ပါတီ (NMSP-AD) ကတော့ မန္တလာမင်းခရီးသည်တင်ကားမှ ယာဉ်မောင်းနှင့် ယာဉ်နောက် ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး မသိရှိသေးဘူးလို့ ဆိုသည်။
“အဲအကြောင်းအရာနဲ့ ပတ်သက်ပြီး ကျနော်တို့ မသိရှိသေးပါဘူး။ မြေပြင်က ရဲဘော်တွေနဲ့လည်း ဆက်သွယ်မေးမြန်းနေတုန်းပဲ” ဟု NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောသည်။
လက်ကိုင်အဖွဲ့က ဖမ်းဆီးသွားသည့် မန္တလာမင်းခရီးသည်တင်ကားမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့သည် ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ထိ အဆက်အသွယ်မရသေးကြောင်းလည်း မန္တလာမင်းခရီးသည်တင်ယာဉ်လိုင်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။