Wednesday, May 13, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားအထက်တန်းကျောင်းမှ ယခုပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူများလာ

    မွန်အမျိုးသားအထက်တန်းကျောင်းမှ ယခုပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူများလာ

    -

    မွန်အမျိုးသားပညာရေးကော်မတီ (MNEC) လက်အောက်ရှိ မွန်အမျိုးသားအထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူ ယမန်နှစ်ကထက်များနေပြီး ယခုပညာသင်နှစ်တွင် ကျောင်းသား/သူ ၂၀၀ နီးပါးအထိ ဝင်ရောက်ဖြေဆိုရန် ရှိသည်ဟု သိရသည်။

    တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများသည် ဝင်္ကပါမွန်အမျိုးသားအထက်တန်းကျောင်းမှ ၄၆ ဦး၊ ညီဆားကျောင်းမှ ၁၁၆ ဦး၊ အံဒင်းကျောင်းမှ ၃၃ ဦးတို့က တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုသွားရန်ရှိသည်။

    မွန်အမျိုးသားပညာရေးဌာနနှင့် နီးစပ်သူတစ်ဦးက “ဒီပညာသင်နှစ်မှာ ကျောင်းတက်ရောက်မှုနှုန်း ကျဆင်းနေပေမဲ့လည်း တက္ကသိုလ်ဝင်တန်း(Grade-12) ကျောင်းသားကျောင်းသူတွေများတယ်။ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကဆို ညီစားက ၃၃ ဦး၊ အံဒင်းက ၃၁ ဦး၊ ဝင်္ကပါကျောင်းမှာက ၂၇ ဦးပဲ ဝင်ဖြေတယ်။ ဒီနှစ်ကတော့ နည်းနည်းများလာတယ်” ဆိုသည်။

    ညီဆား၊ အံဒင်းနှင့် ပင မွန်အမျိုးသားကျောင်းမှ တက္ကသိုလ်ဝင် ကျောင်းသား/သူတို့ ရေးမြို့ပေါ်တွင် ဝင်ရောက်ဖြေဆိုရမည်ဖြစ်ပြီး ဝင်္ကပါ ကျောင်းသား/သူများ ကြာအင်းဆိပ်ကြီးမြို့ပေါ်သို့ ဝင်ရောက်ဖြေဆိုရမည်ဖြစ်ခြင်းကြောင့် လမ်းခရီး လုံခြုံရေးအခြေအနေ စိုးရိမ်မကင်းဖြစ်နေရသည်ဟု အံဒင်ကျောင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    ၂၀၂၅ ခုနှစ် စစ်ကောင်စီ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၇ ရက်မှစတင်ကာ တစ်ရက် တစ်ဘာသာနှုန်းဖြင့် မတ်လ ၂၂ ရက်နေ့အထိ ပိတ်ရက်မရှိ ဖြေဆိုသွားရမည်ဖြစ်သည်။

    တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် မွန်အမျိုးသားအထက်တန်းကျောင်းမှ ကျောင်းသား/သူ ပြင်ဆင်မှုများ ဆောင်ရွက်လျှက်ရှိသည်။

    ပြီးခဲ့သည့်နှစ်က မွန်အမျိုးသားကျောင်းများမှ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ ၉၁ ဦးရှိသည့်အနက် ၁၀ ဦးသာ အောင်မြင်ခဲ့ပြီး အောင်ချက်ကျဆင်းခဲ့သည်။

    သို့သော် မွန်အမျိုးသားကျောင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးသွားသူများတို့ Pre- College တစ်နှစ်တက်ပြီး မွန်အမျိုးသားကောလိပ် ဆက်တက်ခွင့် အခွင့်အရေးလည်း ရှိနေသည်။

    တစ်ဖက်တွင်လည်း မွန်အမျိုးသားပညာရေးဌာနအနေဖြင့် အစိုးရပညာရေးကို မှီခိုခြင်းမပြုဘဲ ကိုယ်ပိုင်ပညာရေးစနစ်ဖြင့် အထက်တန်းစာမေးပွဲများ ကျင်းပမည်ဆိုလျှင် မွန်အမျိုးသားပညာရေးဌာန၏ ပညာရေးအဆင့်အတန်း ပိုမိုခိုင်မာလာမည်ဟု ထောက်ပြမှုလည်း ရှိနေသည်။

    “အခုမွန်အမျိုးသားလိပ်မှာ သင်ကြားပို့ချနေသည့် ဘာသာတွေ ပညာရေးစနစ်တွေ စီမံရေးစနစ်တွေက အမေရိကန်၊ ထိုင်း စတဲ့ နိုင်ငံခြားပညာရေးစနစ်တွေနဲ့တူတယ်။ တိုင်းရင်းသားပညာရေးကလည်း ဒီထက်တိုးတက်လာဖို့ရှိတယ်၊ ပြည်ပနိုင်ငံတွေကလည်း ဒီပညာရေးစနစ်ကို လက်ခံလာလိမ့်မယ်။ အဲဒီတော့ မွန်ပညာရေးအနေနဲ့လည်း အစိုးရပညာရေးကို မမှီခိုဘဲနဲ့ ကိုယ်ပိုင်ပညာရေးနဲ့ဆို ပိုပြီးထိရောက်တယ်လို့ ကျွန်တော်မြင်တယ်” ဟု ထိုင်းနိုင်ငံတွင် အဆင့်မြင့်ပညာ သင်ယူနေသူတစ်ဦးက ပြောသည်။

    လက်ရှိ မွန်အမျိုးသားပညာရေးဌာနအောက်တွင် ဖွင့်လှစ်ထားသည့် မွန်အမျိုးသားကောလိပ်(MNEC) သည် မွန်ကျောင်းသားလူငယ်များ နိုင်ငံခြားတက္ကသိုလ်တို့တွင် ပညာဆက်လက်သင်ယူနိုင်ရေး နိုင်ငံတကာတက္ကသိုလ် နှစ်ခုနှင့် MOU စာချုပ် ချုပ်ဆိုထားပြီး နောင်တွင်လည်း နိုင်ငံတကာ အဆင့်မြင့်ပညာရေးတို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး တာဝန်ရှိသူတို့က ဆက်တိုက်ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,800SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks