မွန်ပြည်နယ်၊ ရေးမြို့ပေါ်ရှိ ရပ်ကွက်အချို့၌ လစဥ်ကြေးဟုဆိုကာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးနှင့် အဖွဲ့ဝင်တို့က ငွေကြေးများ လိုက်လံကောက်ခံနေသည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
ယခုနှစ် ဇူလိုင်လက စတင်၍ ရေးမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် စစ်မှုထမ်း လူစားထိုးကြေးဟု ဆိုကာ တစ်အိမ်လျှင် တစ်သောင်းကျပ်နှုန်းဖြင့် ကောက်ယူရာကနေ ယခုဒီဇင်ဘာလဆန်းပိုင်း၌ လစဉ်ကြေးဟုဆိုပြီး နန္ဒာရပ်ကွက်နှင့် အဏ္ဏဝါရပ်ကွက်နေ ပြည်သူများအား တစ်အိမ်လျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ငွေကြေးထပ်မံကောက်ယူနေကြောင်း သိရသည်။
“လောလောဆယ် အားလုံးပေးကြတယ်လို့ ပြောတာပေါ့လေး၊ လစဉ်ကြေးဆိုပြီးတော့ တစ်အိမ်တက် တစ်အိမ်ဆင်းပြီး လိုက်ကောက်တယ်၊ မနေ့က အသိတစ်ယောက်က ပြောတယ်၊ လစဉ်ကြေးဆိုပြီး လာကောက်သွားတယ်၊ စစ်မှုထမ်းဆိုတဲ့ခေါင်းစဉ်နဲ့ မဟုတ်ဘူးပေါ့၊ ရပ်ကွက် အထွေထွေပုံမျိုးနဲ့ ကောက်သွားတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။
ရေးမြို့၊ သီရီမာလာ၊ ဇေယျာ၊ နန္ဒာနှင့် အဏ္ဏဝါ ရပ်ကွက်တို့တွင် စုစုပေါင်း အိမ်ထောင်စု ၂၀၀၀ နီးပါးရှိပြီး သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သည့် ရာအိမ်မှူးနှင့် ဆယ်အိမ်မှူး တို့က တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံကောက်ခံသည်ဟု ဆိုသည်။
တဖက်တွင်လည်း စစ်ကောင်စီ၏ စစ်မှုထမ်းတပ်သားသစ် စုဆောင်းရေး အထွေထွေကုန်ကျစရိတ်များ များပြားလာသည်နှင့်အမျှ စစ်မှုထမ်း လူစားထိုး ဝင်ရောက်မည့်သူတစ်ဦးလျှင် အခကြေးငွေ သိန်း ၂၀ နှင့်အထက် ပေးဆောင်နေရသည့်အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှုးများ အခက်တွေ့နေကြကြောင်းလည်း သိရသည်။
“သူတို့ (အုပ်ချုပ်ရေးမှူး) က စဉ်စားတာကတော့ သူတို့နည်းပေါ့၊ အဲဒီရတဲ့ငွေကြေးနဲ့ လူငှားမယ်ပေါ့၊ ငှားပြီး (စစ်မှုထမ်း) ပို့မှာပေါ့၊ အခုတက်လာတဲ့ စာရိတ်တွေက များတယ်၊ ဟိုဟာလုပ်ခိုင်း ဒီဟာလုပ်ခိုင်း အဲလိုမျိုးနေရာတွေ အထွေထွေဆိုရင် စိုက်လို့ မနိုင်တော့ဘူး။ ရပ်ကွက်ကို သွားပြီး ရပ်ကွက်က လူထုနဲ့ ညှိပြီး ဈေးနှုန်းတစ်ခု သတ်မှတ်လိုက်တယ်၊ ပြီးတော့ ကောက်တယ်ပေါ့၊ အဲဒီကရတဲ့ငွေကို ရန်ပုံငွေအဖြစ်ထားပြီးတော့ လိုအပ်တဲ့နေရာမှာ ထုတ်သုံးမယ်၊ စစ်မှုထမ်းငှားရမယ်ဆိုလည်း ငှားရမယ်ပေါ့” ဟု ရေးမြို့၊ ရပ်ကွက်အုပ်ချုုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီက စစ်မှုထမ်းမည့် လူငယ်များကို စစ်သင်တန်းများ ပို့ချပြီးနောက် မိမိနေရပ်ကို ပြန်ခွင့်မရတော့ဘဲ ရှေ့တန်းသို့ ပို့ဆောင်နေမှုကြောင့် အခကြေးငွေဖြင့် စစ်မှုထမ်းလူစားထိုးရန် ရှားပါးလာကြောင်း သိရသည်။