Homeသတင်းဘုရားသုံးဆူဒေတွင် နယ်မြေအငြင်းပွားမှုကြောင့် NMSP နှင့် DKBA ကြား အခြေအနေတင်မားနေ

ဘုရားသုံးဆူဒေတွင် နယ်မြေအငြင်းပွားမှုကြောင့် NMSP နှင့် DKBA ကြား အခြေအနေတင်မားနေ

-

ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူဒေသတွင် မွန်ပြည်သစ်ပါတီ NMSP နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တို့ကြား နယ်မြေအငြင်းပွားမှုကြောင့် နှစ်ဖက်တင်မားနေသည့်အခြေအနေရှိနေသည်ဟု သိရသည်။

လတ်တလောတွင် DKBA က ဘုရားသုံးဆူနှင့် ဂျပန်ရေတွင်းရွာကြားရှိ မွန်ပြည်သစ်ပါတီ ဂိတ်စခန်းနှင့် ၂၅၀ မိတာခန့်အကွာတွင် စခန်းသစ်တစ်ခု တည်ဆောက်ရန် ကြိုးပမ်းလာခဲ့သည်။

DKBA စခန်းသစ် တည်ဆောက်ရန် ကြိုးပမ်းလာသည့်လုပ်ရပ်ကို မွန်ပြည်သစ်ပါတီက တားမြစ်ထားသော်လည်း ဆက်လက်လုပ်ဆောင်နေသည့်အတွက် နှစ်ဖက်တင်မားနေသည့်အခြေအနေ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

မွန်ပြည်သစ်ပါတီ NMSP တာဝန်ရှိသူတစ်ဦးက “DKBA က ဘုရားသုံးဆူကနေ ဂျပန်ရေတွင်းလာသည့်လမ်း ဓမ္မဝိဟာရဘုရားကျောင်းဘေးနား ဂျပန်ရေတွင်းရွာထိပ်က ကျနော်တို့တပ်စခန်းနဲ့ မီတာ ၂၅၀ အကွာမှာ စခန်းတစ်ခုဆောက်ဖို့ ပြင်ဆင်နေတယ်။ စခန်းသစ်ဆောက်တာကို ရပ်တန့်ပေးဖို့ ကျနော်တို့က တားမြစ်သတိပေးထားတယ်။ ဒါပေမဲ့ သူတို့ဘက်က ကျနော်တို့တားဆီးနေတာကို နားမထောင်သလို လက်ခံပေးနိုင်တဲ့ အနေအထား မရှိဘူး။ သူတို့လုပ်ချင်သလို ဆက်လုပ်နေတယ်။ အဲကြောင့် ကျနော်တို့ဘက်ကလည်း ပြင်ဆင်စရာရှိတာ ပြင်ဆင်နေတယ်။ လောလောဆယ် သူတို့ရဲ့ တာဝန်ရှိသူနဲ့ ကျနော်တို့နဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ အရင်ကြိုးပမ်းသွားမယ်။ ဘယ်လိုလာမလဲတော့ မသိဘူး” ဟု ပြောသည်။

DKBA ဘက်ကလည်း ဂျပန်ရေတွင်းရွာထိပ်ရှိ မွန်ပြည်သစ်ပါတီ NMSP ဂိတ်စခန်းကို အမြန်ဆုံး ရုတ်သိမ်းပေးရန်နှင့် ဆုတ်ခွာပေးရန် ပြောဆိုလာသည်လည်း ရှိနေသည်ဟု မွန်ပြည်သစ်ပါတီ NMSP သတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တုန်းကလည်း ဘုရားသုံးဆူဒေသတွင် NMSP ဂိတ်စခန်းအနီး DKBA က စခန်းအသစ်တည်ဆောက်ရန် ကြိုးပမ်းလာသည့်အတွက် DKBA နှင့် NMSP လက်အောက်ရှိ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် ရှိခဲ့သည်။

မွန်ပြည်သစ်ပါတီ NMSP နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA တို့သည် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချူပ် NCA လက်မှတ် ရေးထိုးထားသည့် အဖွဲ့အစည်းများ ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts