အာရက္ခရေပိုင်နက်အတွင်းသို့ ကျူးကျော်ပြီး ငါးခိုးဖမ်းရန် ဝင်ရောက်လာသူ မည်သူ့ကိုမဆို တရားဥပဒေနှင့်အညီ စစ်ဆေး၊ အပြစ်ပေး အရေးယူသွားမည်ဟု အာရက္ခတပ်တော် (AA) က ထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့က အာရက္ခရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီး ငါးခိုးဖမ်းနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ငါးဖမ်းလှေ ၁၅ စီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား ၂၀ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း AA က နိုဝင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား ၂၀ ဦးကို လိုအပ်သည့်စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးနောက် နိုဝင်ဘာလ ၇ ရက်နေ့တွင် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGP) လက်ထဲသို့ ပြန်လည်အပ်နှံခဲ့ကြောင်း AA က ဆိုထားသည်။
နောက်နောင် AA ပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းခြင်းများ မပြုလုပ်ရန် ဖမ်းမိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သားများကို ခံဝန်ကတိလက်မှတ်ထိုးခိုင်းပြီး လွှဲပြောင်းပေးအပ်ခဲ့သည်ဟုလည်း ဆိုသည်။
အဆိုပါ ရေလုပ်သားများသည် ဆင်းရဲနွမ်းပါးသူများဖြစ်ကြပြီး မိသားစု စားဝတ်နေရေး အကျပ်အတည်းများကို ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ ဖြေရှင်းနေကြရသူများဖြစ်သည့်အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် AA ကြား နှစ်ဖက်နယ်စပ်ရေးရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု ယခင်ကထက် ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ မည်သည့်ပြစ်ဒဏ်မျှပေးခြင်းမရှိဘဲ ငါးခိုးဖမ်းသမားများကို ချက်ချင်းပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။
သို့သော် မောင်တောဒေသတွင် စစ်ရေးပြင်းထန်နေပြီး စစ်ကောင်စီ၏ လေကြောင်းရန်အန္တရာယ်ကို သတိထားနေရခြင်းကြောင့် ငါးခိုးဖမ်းလှေများကို နိုဝင်ဘာလ ၂၀ ရက်နေ့မှသာ လွှဲပြောင်းပေးနိုင်ခဲ့သည်။
ဖမ်းမိ ငါးဖမ်းလှေ ၁၅ စီးအနက် ၇ စီးကို ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGP) ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ကျန်ငါးဖမ်းလှေ ၈ စီးကိုလည်း လုံခြုံရေး အာမခံချက်ရှိသောအချိန်တွင် ဆက်လက်လွှဲပြောင်းပေးအပ်သွားမည်ဟု AA က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း အာရက္ခရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက် ငါးဖမ်းခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား ၅ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း အောက်တိုဘာ ၁၀ ရက်က ထုတ်ပြန်ခဲ့သည်။