တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်နှင့် ဆင်ဆိပ်ရပ်ကွက်ကြား ဖြစ်ပွါးခဲ့သည့် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးသွားသည်ဟု ရေဖြူပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF က ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က သုံးဘီးယာဉ်အသုံးပြုပြီး လမ်းကင်းထွက်လာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွါးခဲ့သည်။
ထိုပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး အခင်းဖြစ်ရာနေရာတွင် သေဆုံးသွားခဲ့ပြီး ထိခိုဏ်ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးထွက်ပြေးလွတ်မြောက်သွားသည်ဟု YPPDF က ထုတ်ပြန်ထားသည်။
၎င်းပြင် စစ်ကောင်စီထံမှ MA1 သေနတ် ၃ လက်၊ MA3 သေနတ် ၁ လက်၊ MA2 စက်ကလေး တစ်လက်၊ ကျည်ဘောက် ၁၅ ခုနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိသည်ဟု ဆိုထားသည်။
အဆိုပါ တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF ၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဖြစ်သည်။
ဒေသခံတို့၏ ပြောဆိုချက်အရ ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ စီးနင်းလာသည့် သုံးဘီးယာဉ်မောင်းဖြစ်သူလည်း သေဆုံးသွားခဲ့သည်။
ထားဝယ်မြို့ပေါ် ပစ်ခတ်မှုဖြစ်ပွါးပြီးနောက် ထားဝယ်မြို့နယ်နှင့် လောင်းလုံးမြို့နယ်ထဲကို စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်လာသည်ဟု ဒေသခံတို့ထံမှ သိရသည်။