spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းယခုရက်ပိုင်းအတွင်း စစ်ကောင်စီက လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေခြင်းကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို ဂျိုင်းမြစ်ဒေသခံများ စိုးရိမ်နေ

    ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေခြင်းကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို ဂျိုင်းမြစ်ဒေသခံများ စိုးရိမ်နေ

    -

    မွန်နှင့်ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဒေသတလျှောက်တွင် ယခုရက်ပိုင်း၌ စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လာသည်ဟု ဒေသတွင်းသတင်းအရင်းမြစ်များထံမှ သိရသည်။

    လတ်တလောအခြေအနေအရ ဂျိုင်းမြစ်ဒေသဘက်ကို စစ်ကောင်စီတပ်က ရေကြောင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်မှုများရှိလာသည့်အပြင် ကျေးရွာများတွင်လည်း တပ်စွဲထားလျှက်ရှိကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များကမူ ရွာအပြင်ဘက်တို့တွင် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာနေသည့်အတွက်ကြောင့် ဒေသတွင်းတိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်လျက်ရှိကြသည်။

    “ဒီ ၃ ရက်အတွင်း ပိုပစ်ခတ်နေတာပေါ့၊ ထိတွေ့တိုက်ပွဲတော့ မဖြစ်ဘူး၊ သူတို့ (စစ်ကောင်စီတပ်) ရွာကတိုက်အိမ်တွေမှာ နေရာယူထားတော့ တော်လှန်ရေးအဖွဲ့တွေ တိုက်လို့ မရဘူး၊ သူတို့ကိုလည်း မထိဘူး၊ သူတို့အင်အားက ကော့ဘိန်းမှာ ၅၀ ဓမ္မသမှာဆို ၁၀၀ နီးပါး၊ ကျွန်းကုန်းပိုင်းဘုန်းကြီးကျောင်းမှာက ၃၀ နီးပါး၊ တရနာ ဘုန်းကြီးကျောင်းဆို ၄၀ ကျော်၊ ကော့သပ်မှာဆို ၃၀ လောက် တပ်စွဲနေတာရှိတယ်” ဟု IMNA သတင်းအရင်းမြစ်တစ်ဦးက ပြောသည်။

    ယင်းအခြေအနေများကြောင့် တန်ဆောင်တိုင်ပွဲတော်ကာလအလွန်၌ တိုက်ပွဲများ ဖော်ဆောင်လာနိုင်ခြေရှိကြောင်း တွက်ဆနေသည့်ဒေသခံအချို့ ပြောင်းရွှေ့ရန် ကြိုတင်စီစဥ်နေကြသည်ဟု ဆိုသည်။ 

    သို့သော်လည်း ဂျိုင်းမြစ်ဒေသတွင် စစ်ကောင်စီတပ်ဘက်မှ ကြည်းတပ်၊ လေတပ်၊ ရေတပ် အင်အားအခိုင်အမာ ရှိနေသဖြင့် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားရန်ခက်ခဲလျက်ရှိသည်ဟု ဒေသခံအချို့ သုံးသပ်ပြောဆိုနေကြသည်။

    တစ်ဖက်တွင် တော်လှန်ရေးတပ်ဖွဲ့တို့က ကျေးရွာအပြင်ဘက်များ၌ ခြေကုပ်ယူ လှုပ်ရှားနေသောကြောင့် ယခုပွင့်လင်းရာသီ၌ လုံခြုံရေးအရ စိုးရိမ်ပြီး ဥယျာဥ်ခြံလုပ်ငန်း မလုပ်ကိုင်နိုင်ဘဲ ရပ်နားထားရသည်များလည်း ရှိနေသည်ဟု ဆိုသည်။

    ကျိုက်မရောဒေသခံတစ်ဦးက “တော်လှန်ရေးတွေဘက်က ရွာအပြင်နဲ့ ခြံနားတစ်ဝိုက်လှုပ်ရှားတာတွေ ဒရုန်းနဲ့ ပစ်နေတော့ စစ်တပ်ဘက်ကလည်း လက်နက်ကြီးပြန်ပစ်တယ်၊ အဲလိုဆို အဲ့ဒီဘက် ခြံသမားတွေက ဒီပွင့်လင်း ရာသီမှာ အစီးခြစ်တာတွေ မလုပ်ဖြစ်ဘူး၊ လယ်သမားအချို့ဆို မလုပ်ဖြစ်ဘူး၊ သူတို့ (စစ်တပ်) ဓမ္မသဘုန်းကြီး ကျောင်းဘက်မှာ လက်နက်ကြီးပြင်ထားတယ်၊  တရနာဘက်မှာရောပဲ၊ တော်လှန်ရေးဘက်ကတော့ ပစ်မယ်လို့ ပြောသံကြားတယ်” ဟု ပြောသည်။

    ယခုနိုဝင်ဘာလ ၁၂ ရက်၊ နေ့လည်အချိန်ခန့်ကလည်း ကျိုက်မရောမြို့နယ်၊ ကျွန်းကုန်းပိုင်းကျေးရွာ၌ စစ်ကောင်စီနှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) တို့ နှစ်ဖက်တိုက်ပွဲ အနည်းငယ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ဒေသတွင်းလှုပ်ရှားနေသည့် မွန်တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ရေး၊ နိုင်ငံရေးအရ အချင်းချင်းပူးပေါင်းဆောင်ရွက်မှု အားကောင်းလာနေပြီဖြစ်သည့်အတွက် မွန်ဒေသအတွင်း စစ်ရေးဖော်ဆောင်မှုများ ဆက်တိုက်ပြုလုပ်သွားရန်ရှိကြောင်း ထုတ်ပြန်ပြောဆို ထားကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks