spot_img
Thursday, January 22, 2026
More
    spot_img
    Homeသတင်းတအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ၊ ၂ ရက်အတွင်း အရပ်သား၂၀ ဦး သေဆုံးပြီး...

    တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ၊ ၂ ရက်အတွင်း အရပ်သား၂၀ ဦး သေဆုံးပြီး ၂၄ ဦး ဒဏ်ရာရ

    -

    တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေအတွင်းရှိ မိုးကုတ်မြို့နှင့် နောင်ချိုမြို့တို့ကို နိုဝင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်နေ့က စစ်ကောင်စီမှ လေကြောင်းဖြင့် ၂ ရက်ဆက် ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၂၀ ဦး သေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ထံမှ သိရသည်။

    နောင်ချိုမြို့မဈေးရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်ကို နိုဝင်ဘာလ ၁၂ ရက်၊ နေ့လယ် ၃ နာရီအချိန်ခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ပြီး အရပ်သား ၁၁ သေဆုံး၊ ၁၁ ဦးဒဏ်ရာရရှိကာ နေအိမ် ၄ လုံးအပါအဝင် ခရီးသည်တင်ယာဥ်များလည်း မီးလောင်ပျက်သွားသည်ဟု ဆိုသည်။

    “တိုက်ပွဲကတော့ နောင်ချိုဘက်မှာ ဖြစ်နေတုန်းပဲ။ မနေ့က လေယာဉ်နဲ့ ဗုံးကြဲခံရလို့ ထိခိုက်သေ ဆုံးသူ အများကြီး ရှိခဲ့တယ်။ နေအိမ်တွေနဲ့ တခြားသော အရာတွေလည်း ထိခိုက်ပျက်စီး သွားတာ ရှိတယ်ပေါ့။ ထိခိုက်သေဆုံးသူအချက်အလက်ကိုတော့ ကျမတို့ထုတ်ပြန်ထားတဲ့ အတိုင်းပါပဲ” ဟု တအာင်းအမျိုးသားလွတ်မြောက်တပ်မတော် TNLA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ၊ ၁၁ ရက်၊ ညသန်းခေါင်ယံအချိန်ကလည်း မိုးကုတ်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံး ၅ လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား ၉ ဦး သေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့သေးသည်။

    တအာင်းပြည်၊ တအာင်းအမျိုးသားလွတ်မြောက်တပ်မတော် TNLA ထိန်းချုပ်ဒေသ၊ တပ်မဟာ ၂ နယ်မြေဖြစ်သည့် သီပေါ၊ နောင်ချို၊ ကျောက်မဲ၊ နမ့်ဆန်၊ မိုးကုတ်နှင့် မန်တုံတို့တွင် တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေသလို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက်ပြုလုပ်လာနေသည်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ သိမ်းယူထားသည့် နယ်မြေဒေသများကို တန်ပြန်ထိုးစစ်ဆင်မည်ဟု ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ ပြောဆိုပြီးနောက်ပိုင်း တိုင်းရင်းသားထိန်းချုပ်နယ်မြေတို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်နေသည်ကို တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts