မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျိုက်ရွှဲကျေးရွာအနီးရှိ ဟွန်ဒါမြန်မာသစ်ပါးလွှာစက်ရုံမှ ခေါ်ဆောင်သွားသည့် မန်နေဂျာနှစ်ဦးကို မွန်ပြည်သစ်ပါတီ AD က ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဟွန်ဒါမြန်မာသစ်ပါးလွှာစက်ရုံက တာဝန်ရှိသူများအနေဖြင့် မိမိတို့နှင့် အဆက်အသွယ်ပြုလုပ်ရန် အကြောင်းကြားခဲ့သော်လည်း အဆက်အသွယ်မပြုလုပ်ခဲ့သည့်အတွက် ထိုစက်ရုံမှ မန်နေဂျာနှစ်ဦးကို တွေ့ဆုံဆွေးနွေးရန် နိုဝင်ဘာလ ၆ ရက်နေ့က ခေါ်ဆောင်သွားပြီးနောက် ၂ ရက်အကြား နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။
“ကျနော်တို့ ခေါ်ဆောင်သွားတဲ့ မန်နေဂျာနှစ်ယောက်ကို ပြန်လွှတ်ပေးခဲ့ပါပြီ။ တွေ့ဆုံဆွေးနွေးဖို့ပဲ ခေါ်ဆောင်သွားတာပါ။ ပြီးခဲ့တဲ့ရက်မှာ ပြန်လွှတ်ပေးလိုက်ပါပြီ” ဟု ၎င်းက ပြောသည်။
မွန်ပြည်သစ်ပါတီ NMSP-AD အနေဖြင့် မိမိတို့လှုပ်ရှားရာ နယ်မြေဒေသရှိ စီးပွားရေးလုပ်ငန်းများကို ခေါ်ယူတွေ့ဆုံလျှက် ရှိသည်ဟု ဆိုသည်။
ထိုကြောင့် NMSP-AD လှုပ်ရှားရာ နယ်မြေဒေသအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ အကြောင်းကြားခဲ့လျှင် အဆက်အသွယ်ပြန်လည်ပြုလုပ်ရမည်ဖြစ်ပြီး ပျက်ကွက်ပါက အရေးယူမည်ဖြစ်ကြောင်းလည်း ပြောသည်။
“ကျနော်တို့က စီးပွားရေးလုပ်ငန်းရှင်တွေကို တွေ့ဆုံဆွေးနွေးနေတာ ရှိတယ်။ ဒါကြောင့် ကျနော်တို့ လှုပ်ရှားနေတဲ့ နယ်မြေဒေသမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ကျနော်တို့နဲ့ အဆက်အသွယ် ယူကြပါလို့ ပြောချင်ပါတယ်” ဟု NMSP-AD ပြောခွင့်ရ နိုင်ဗညားမွန်က ထပ်လောင်းသတိပေးခဲ့သည်။
မွန်ပြည်သစ်ပါတီ NMSP-AD သည် မွန်ပြည်နယ်အပြင် ကရင်၊ တနင်္သာရီဒေသရှိ နယ်မြေအချို့တွင် အခြေချ လှုပ်ရှားလျက်ရှိပြီး စစ်ကောင်စီနှင့် စစ်ကောင်စီထောက်တိုင် ပြည်သူ့စစ်၊ အုပ်ချုပ်ရေးမှူ၊ သတင်းပေးသူများကို မကြာခဏ အရေးယူလေ့ရှိကြောင်း သိရသည်။