spot_img
Saturday, February 28, 2026
More
    spot_img
    Homeသတင်းထရမ့်ရွေးကောက်ပွဲအနိုင်ရမှု နွေဦးတော်လှန်ရေးအ‌ပေါ် သက်ရောက်လာနိုင်သလား

    ထရမ့်ရွေးကောက်ပွဲအနိုင်ရမှု နွေဦးတော်လှန်ရေးအ‌ပေါ် သက်ရောက်လာနိုင်သလား

    -

    အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ် အနိုင်ရရှိမှုကြောင့် လက်ရှိ ဆင်နွှဲနေသော နွေဦးတော်လှန်ရေးအပေါ် သက်ရောက်လာနိုင်သလားဆို သည်နှင့်ပတ်သက်၍ မြန်မာ့နိုင်ငံရေးစောင့်ကြည့်လေ့လာနေသူတို့အကြား သုံးသပ်ပြောဆိုမှုများ ရှိနေသည်။

    ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်သည် လိုအပ်သည့်မဲအရေအတွက် ၂၇၀ ထက်ကျော် လွန်ပြီး ၂၇၇ မဲဖြင့် ဒီမိုကရက်သမ္မတလောင်း ကမ်မလာဟဲရစ်ကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    လာမယ့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါလ ၂၀ ရက်နေ့တွင် အသက် ၇၈ နှစ်အရွယ် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်သည် အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသွားမည်ဟု သိရသည်။

    “ကျနော်သုံးသပ်ချက်ကတော့ အမေရိကန် သမ္မတက ထရမ့်ပဲ နိုင်နိုင်၊ အမျိုးသမီး (ကမ်မယ်လာဟဲရစ်) ပဲ နိုင်နိုင် ဗမာပြည်အတွက်တော့ သိပ်ထူးမယ် မထင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့က အခုအချိန်အထိ ဗမာပြည်အရေးကို သူတို့ဖက်က ဂရုတစိုက် လေ့လာဖြေရှင်း တာ သိပ်ပြီးတော့ မတွေ့ရပါဘူး။ ဘိုင်ဒန်လက်ထက်က ကျနော်တို့ ဗမာပြည်နဲ့ ပတ်သက်ပြီး တော့ ချမှတ်ထားတဲ့ အကူအညီကလည်း ကျနော်တို့ အခု သိရသလောက်ဆိုရင် ဘယ်တော့မှ ထိထိရောက်ရောက် ကူညီခဲ့တာ မရှိပါဘူး။ ဒါကြောင့်မို့လို ထရမ့်ပဲ တက်တက် အမျိုးသမီးပဲ နိုင်နိုင် ကျနော်တို့ တော်လှန်ရေးအတွက်တော့ သိပ်ထူးထူးခြားခြား ဖြစ်ထွန်းလာစရာ အကြောင်းမရှိဘူးလို့ မြင်ပါတယ်” ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

    မြန်မာနိုင်ငံအတွင်းက တော်လှန်ရေးအင်အားစုများကို နည်းပညာနှင့် စစ်လက်နက်ပစ္စည်း မဟုတ်သော ကူညီထောက်ပံ့မည့် အစီအစဉ်နှင့် ပတ်သက်ပြီး အမေရိကန်အမျိုးသား ကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က အမေရိကန်အထက်လွှတ်တော်မှ အတည်ပြုခဲ့သည်။

    လက်ရှိ ဆင်နွှဲနေသော နွေဦးတော်လှန်ရေး အင်အားစု လှုပ်ရှားမှုအချို့တွင် အမေရိကန်ပြည်ထောင်စု၏ ဗဟိုထောက်လှမ်းရေးအဖွဲ့ (CIA) ပါဝင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

    ဒေါ်နယ်ထရမ့်၏ မူဝါဒအရ CIA လှုပ်ရှားမှုများ လျော့နည်းသွားနိုင်ကြောင်းလည်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။

    “များသောအားဖြင့် အမေရိကန်သမ္မတတွေ ကိုယ်တိုင်က ထုတ်ပြန်ပြီးတော့ Sanctions ချတဲ့ ဥပဒေမျိုး မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအရ ဖိအားပေးတဲ့ဟာမျိုး ဒါမျိုး‌တော့ ထရမ့်ဆီက တိုက်ရိုက်လာတာမျိုးတော့ မြင်ရဖို့ သိပ်မရှိနိုင်ဘူး။ သူ့ရဲ့ သက်တမ်းကို လေ့လာကြည့်လိုက်ရင် ဒါပေမဲ့ များသောအားဖြင့်တော့ တခြားနိုင်ငံတွေကို သွားပြီး‌တော့ နှောက်ယှက်တာမျိုးက CIA ရဲ့ ပေါ်လစီ အများဆုံး သွားတာကိုး CIA ပိုင်းဆိုင်ရာ လှုပ်ရှားနေတဲ့ လှုပ်ရှားမှုတွေတော့ ကျန်နေပါလိမ့်မယ်၊ အဲဒီအပိုင်းကတော့ နှစ်ပိုင်းခွဲပြီး ကြည့်ရမှာပေါ့၊ ဒါပေမဲ့ ထရမ့်ရဲ့ မူဝါဒအရ ဒီဖက်ကို CIA လုပ်နေတဲ့အပိုင်း အားလျော့သွားတာပေါ့၊ ဒါကတော့ နောက်ပိုင်းမှာ ဖြစ်လာနိုင်မယ့်အနေအထားပါ၊ ရှိတော့ရှိလိမ့်ဦးမယ်၊ သို့သော် အရင်ကလောက်တော့ မဆိုးရွားဘူးလို့ အကြမ်းဖျင်း သုံးသပ်လို့ ရပါတယ်” ဟု ဦးသိန်းထွန်းဦးက ပြောသည်။

    ထို့အတူ အမေရိကန်သမ္မတဖြစ်လာမည့် ဒေါ်နယ်ထရမ့်ပ်၏ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒမှာ တရားမဝင် ရွေ့ပြောင်းဝင်ရောက်မှုကိစ္စများတွင် ကန့်သတ်မှုရှိလာနိုင်ပြီး မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုအချို့ လျော့ချသွားနိုင်ကြောင်းလည်း ၎င်းက ပြောသည်။

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်အာဏာသိမ်းမှုနောက်ပိုင်း အမေရိကန်သည် မြန်မာနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့မှု၊ စစ်ကောင်စီ ခေါင်းဆောင်အချို့ကို အရေးယူမှုများ ပြုလုပ်လျက်ရှိနေသလို စစ်ကောင်စီကို တိုက်ခိုက်နေသော လက်နက်ကိုင် ခေါင်းဆောင်အချို့အား တွေ့ဆုံဆွေးနွေးမှုများလည်း ရှိနေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks