spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းထားဝယ်ခရိုင်အတွင်း စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် ပြင်းထန်တိုက်ပွဲ အချိန်မရွေး ဖြစ်ပွားနိုင်

    ထားဝယ်ခရိုင်အတွင်း စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် ပြင်းထန်တိုက်ပွဲ အချိန်မရွေး ဖြစ်ပွားနိုင်

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်အချို့တို့တွင် စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်လာနေခြင်းကြောင့် ပြင်းထန်တိုက်ပွဲအချိန်မရွေးဖြစ်လာနိုင်သည်ဟု ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုတို့က ပြောသည်။

    ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်တွင် အောက်တိုဘာလလယ်ခန့်ကစပြီး စစ်ကောင်စီတပ်က ဆက်တိုက်စစ်ကြောင်းထိုးနေသည်ဟု သိရသည်။

    လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းနှင့်‌ တော်လှန်ရေးတပ်တို့ကြား ထိတွေ့တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်ပေါ်လျှက်ရှိပြီး ပြင်းထန်တိုက်ပွဲလည်း အချိန်မရွေးဖြစ်ပွားလာနိုင်သည်ဟု ထားဝယ်သပိတ်ကော်မတီမှ လူထုစည်းရုံးရေးတာဝန်ခံ မင်းလွင်ဦးက ပြောသည်။

    “တစ်ဖက်ကလည်း ခံစစ်ပြင်ပြီး စောင့်နေတဲ့အနေအထားမျိုး တစ်ဖက် ကလည်း ထိုးစစ်အတွက် ပြင်ဆင်နေတဲ့ အနေအထားမျိုးဆိုတော့ အင်အားရှိရင် ရှိသလောက် လစ်ရင်လစ်သလို စစ်ကြောင်းထိုးတဲ့ဟာမျိုးက တောက်လျှောက်ရှိပါတယ်။ အခုလောလောဆယ်မှာဆိုရင် လောင်းလုံးနဲ့ သရက်ချောင်းကို ပြိုင်တူထိုးတဲ့ ဟာမျိုးရှိတယ်။ လောင်းလုံးကိုထိုးတဲ့ စစ်ကြောင်းက အလွန်ဆုံး ၈၀ အဲ့လောက်တော့ရှိတယ်” ဟု ၎င်းက ပြောသည်။

    ၎င်းပြင် ဒေသတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တို့သည် ဒုံးနှင့် အခြား စစ်လက်နက်ပစ္စည်းများပါ အသုံးပြုလာသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

    စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေသည့်အခြေအနေကြောင့် ဒေသခံများ စစ်ဘေးတိမ်းရှောင်ရန် ပြင်ဆင်နေကြသည့်အနေအထားလည်း ရှိနေသည်။

    ၎င်းပြင် စပါးများကိုလည်း အမြန်ရိတ်သိမ်းနေကြပြီး ရသည့်ဈေးဖြင့် ရောင်းထုတ်နေကြသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်မှ တာဝန်ရှိသူတစ်ဦးကလည်း “ထားဝယ်က ပင်လယ်ထွက်ပေါက်နဲ့ တခြားစီးပွားရေးဆိုင်ရာတွေရဲ့ အဓိကနေရာဖြစ်နေတဲ့အတွက် သူတို့ တတ်စွမ်းသမျှ ခုခံနေတယ်။ တော်လှန်ရေးတပ်တွေကို အင်အား ချည့်နဲ့သွားဖို့ ပြည်သူတွေကို အဓိက ပစ်မှတ်ထားပြီး စကစတို့က ဦးတည် တိုက်ခိုက်တယ်။ တိုက်ပွဲဖော်တယ်။ ဒါကြောင့် လက်နက်ကိုင်ပဋိပက္ခဟာ နေ့စဉ်ရက်ဆက် သလိုဖြစ်လာနေတယ်” ဟု ပြောသည်။

    ယခုရက်ပိုင်းတွင်လည်း ရေဖြူမြို့နယ်အတွင်းရှိ ရန်ကုန်-ထားဝယ်လမ်းမကြီးပေါ်တွင် စစ်ကောင်စီ စစ်ကြောင်းများ ဝင်လာပြီး နယ်မြေရှင်းလင်းမှု လုပ်ဆောင်နေသည်ဟု ရေဖြူဒေသခံတို့မှ သိရသည်။

    တနင်္သာရီတိုင်းတွင် တိုက်ပွဲနှင့် စစ်ကြောင်းထိုးဝင်ရောက်လာနေခြင်းကြောင့် လစဉ် စစ်ဘေးရှောင် လူဦးရေ တိုးလျက်ရှိပြီး ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ကြောင်းထိုးစီးနင်းမှုကြောင့် ဒေသခံ ၅၉၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်ဟု FE5 Tanintharyi က အချက်အလက်များအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks