spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားသည့် အမျိုးသမီး နှစ်ပတ်ကျော်ကြာသည်ထိ သတင်းမရသေး

    လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားသည့် အမျိုးသမီး နှစ်ပတ်ကျော်ကြာသည်ထိ သတင်းမရသေး

    -

    တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာနေ အမျိုးသမီးတစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားပြီး နှစ်ပတ်ကျော်ကြာလာသည်ထိ သတင်းအစအနမရပဲ ပျောက်ဆုံးနေသည်ဟု နီးစပ်သူတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့က အသက် ၅၀ နှစ်အရွယ် ဒေါ်ခင်နှောင်းဆိုသည့် အမျိုးသမီးကို အမည်မသိသေနတ်သမား နှစ်ဦးက မောင်းမကန်ရွာ လေသာဘုန်းကြီးကျောင်းတွင် စောင့်ဆိုင်းဖမ်းဆီးသွားခဲ့သည်။

    ဒေါ်ခင်နှောင်း ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး မောင်းမကန်ကျေးရွာတဝိုက် လှုပ်ရှားနေသည့် လက်နက်ကိုင်တပ်ဖွဲ့တို့ကလည်း ၎င်းတို့ဖမ်းဆီးထားခြင်းမရှိကြောင်း ပြောဆိုနေသည့်အတွက် မိသားစုဝင်တို့က စိုးရိမ်လျှက်ရှိသည်ဟု လောင်းလုံးဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

    “နောက်ဆက်တွဲ ဘာမှကိုမကြားရတော့တာ။ လောင်းလုံးက PDF တွေကို လိုက်ပြီးမေးကြည့်တဲ့ အချိန်မှာ ဘယ်ဖက်ကမှဖမ်းဆီး ထိန်းသိမ်းထားတာ မရှိဘူးလို့ပြောတယ်။ သူတို့အိမ်က မောင်းမကန်ရဲစခန်း ဘေးနားမှာရှိတယ်ဆိုတော့ သူ့ကိုဒလန်လို့ စွပ်စွဲချက်နဲ့ ခေါ်သွားတာလို့ပြောတယ်။ အခုချိန်ထိ ဘာမှ မကြားပုံထောက်ရင် ဆုံးသွားပြီးလားလို့ပဲ မိသားစုက ထင်ကြတာပေါ့” ဟု ၎င်းက ပြောသည်။

    သပိတ်ကော်မတီ (ထားဝယ်ခရိုင်) ကလည်း ဒေါ်ခင်နှောင်းကို အပြစ်ကျူးလွန်ထားကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားမရှိပါက ဖမ်းဆီးထားခြင်း၊ သတ်ဖြတ်ခြင်း မပြုရန် တောင်းဆိုထားသည်။

    တော်လှန်ရေးကာလအတွင်း လူမသိသူမသိ သေဆုံး၊ ပျောက်ဆုံးမှု ရှိနေသည့်အပေါ် တော်လှန်ရေးအင်အားစုတို့အနေဖြင့်လည်း အမှန်တရားပေါ်ပေါက်အောင် ဝိုင်းဝန်းဖြေရှင်းသင့်ကြောင်း သပိတ်ကော်မတီ(ထားဝယ်ခရိုင်) လူထုစည်းရုံးရေးတာဝန်ခံ ကိုမင်းလွင်ဦးက ဆိုသည်။

    “ဒီတော်လှန်ရေးကြားကာလထဲမှာပေါ့။ လူမသိသူမသိ ပျောက်ဆုံးသွားတဲ့ အရပ်သားပြည်သူ တော်တော်များများ ရှိတယ်။ မိသားစုဝင်တွေက သေသလား၊ ရှင်သလား မသိရတဲ့ ပြဿနာဖြစ်ရတဲ့အထိပေါ့နော်။ ကျနော်တို့ အထူးသဖြင့် ဒီတော်လှန်ရေးတပ်ဖွဲ့တွေ ထိုက်သင့်သလောက် စိုးမိုးထားတဲ့ ဧရိယာထဲမှာ ဒီလိုမျိုးဖြစ်တဲ့ဟာက မဖြစ်သင့်ဘူး။ ဒီလိုမျိုး case ဖြစ်တယ်ဆိုရင် တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေအနေနဲ့လည်း တာဝန်ယူဖြေရှင်းပေးဖို့လိုတယ်။ နောက်ပြီး NUG ရဲ့ MOJ ဆိုတာ ရှိတယ်။ ဒါပေမဲ့ မြေပြင်အထိ ထိထိမိမိ မလုပ်နိုင်တဲ့အနေအထားမှာ ရှိနေတယ်” ဟု ကိုမင်းလွင်ဦးက ပြောသည်။

    ဒေါ်ခင်နှောင်းကို မောင်းမကန်ရွာတဝိုက် လှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ထားဝယ်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (DNLA)၊ BaHtoo Army နှင့် လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ဖမ်းဆီးထားခြင်းမရှိဘူးဆိုပြီး ပြောဆိုထားကြောင်း သပိတ်ကော်မတီ(ထားဝယ်ခရိုင်) က ပြောသည်။

    တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီမှ အရပ်သားပြည်သူများကို ပစ်မှတ်ထား ဖမ်းဆီးမှု ပြုလုပ်နေသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ဒလန်စွပ်စွဲချက်ဖြင့် အရပ်သားပြည်သူတို့ကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ လစဉ်ရှိနေသည်ဟု သိရသည်။

    ရာမညအင်စတီကျူ၏ လစဉ်အစီရင်ခံစာအရ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း တနင်္သာရီတိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် အရပ်သားပြည်သူ ၁၀၆ ဦးရှိပြီး၊ အများစုသည် စစ်မှုထမ်းရန်နှင့် လူသားဒိုင်အဖြစ် ရည်ရွယ်၍ ဖမ်းဆီးခံနေရကြောင်း ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts