Homeသတင်းအနန်းကွင်းအနီးတဝိုက်က စစ်ရှောင်နေအိမ်များ ဖောက်ထွင်းခံရမှုရှိနေ

အနန်းကွင်းအနီးတဝိုက်က စစ်ရှောင်နေအိမ်များ ဖောက်ထွင်းခံရမှုရှိနေ

-

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အစပ် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းရှိ အနန်းကွင်းကျေးရွာအနီးတဝိုက်က စစ်ဘေးရှောင် နေအိမ်များ ဖောက်ထွင်းခံရမှု ရှိနေကြောင်း သိရသည်။

အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီ အနန်းကွင်းဗျူဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဩဂုတ်လလယ်ခန့်ကစပြီး အနန်းကွင်းကျေးရွာအပါအဝင် အနီးနားတဝိုက်ရှိ ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံပြည်သူ ထောင်နှင့်ချီ နေအိမ်စွန့်ခွာပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

တိုက်ပွဲဖြစ်ပွားနေသည့် အနန်းကွင်းနှင့် အနီးနားက သက္ကော၊ စခန်းကြီး၊ ရဲတံခွန် အစရှိသည့် ကျေးရွာဘက်ကို စစ်ကောင်စီတပ်တို့က အင်အားဖြည့် စစ်ကြောင်းထိုး ဝင်ရောက်လာလေ့ရှိသည်။

ထိုစစ်ကြောင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်တို့က ကျေးရွာများအတွင်းရှိ နေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းများယူဆောင်သွားသည်ဟု သိရသည်။

“သူတို့ (စစ်တပ်) စစ်ကြောင်းထိုးနေတဲ့အချိန်တုန်းက အနန်းကွင်းဘက်မှာ စစ်ရှောင်နေရတဲ့ ရွာတွေမှာ နေအိမ်ဖောက်ခံထားရတာ ရှိတယ်။ အခုကမရှိတော့ဘူး။ ဘာလို့လဲဆိုတော့ စစ်ကြောင်းတွေ ဝင်မရတော့ဘူး။ ကျနော်တို့ ပိတ်ဆို့ထားတယ်ဆိုတော့လေ။ အခု စကစတွေက စခန်းထဲကနေတောင် ထွက်မရတဲ့ အခြေအနေ ဖြစ်နေပြီ။ အခုချိန်ထိတော့ စစ်ရှောင်တွေက နေရပ်မပြန်ရဲသေးဘူးဗျ” ဟု နဂါးနီစစ်ကြောင်းတပ်ခွဲ-၂ မှ ရဲဘော်တစ်ဦးက ပြောသည်။

အနန်းကွင်းတိုက်ပွဲသည် အောက်တိုဘာလကုန်ပိုင်းထိ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကို နေ့တိုင်းလိုလို ပြုလုပ်နေသည့်အတွက် ထွက်ပြေးနေရသည့် ဒေသခံများ ယနေ့ထိ နေရပ်မပြန်ရဲကြသေးပေ။

“တိုက်ပွဲဖြစ်နေသရွေ့တော့ ဒီအခွင့်အရေးချိုးဖောက်မှုတွေလည်း ဖြစ်လာတာပဲလေ။ လူမရှိတာနဲ့ နေအိမ်ဖောက်တာက သူတို့(စစ်တပ်) ရဲ့ အကျင့်စရိုက်ပဲလေ။ ကော့ဗိန်းတို့၊ ဓမ္မသတို့လိုပဲ လုပ်နေမှာပါ။ စစ်ကြောင်းထိုးလာတုန်း ရွာတွေမှာ ခိုးမယ်။ အိမ်ဖောက်မယ်။ တန်းဖိုးရှိပစ္စည်းတွေ ယူမယ်။ သုံးလို့မရတဲ့ဟာတွေကို ဖျက်ဆီးမယ်။ ဒီအခွင့်အရေးချိုးဖောက်မှုတွေက အခြားဒေသနည်းတူ ရှိခဲ့တယ်။ ပြီးတော့ စစ်ရှောင်တွေကလည်း ဒီကနေ့ချိန်အထိကို အိမ်ကို မပြန်ရဲကြသေးဘူးဆိုတော့လေ” ဟု မွန်၊ ကရင်၊ တနင်္သာရီက လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေကို လေ့လာစောင့်ကြည့်နေသည့် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HUFROM) ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်နေ့ကပင် အနန်းကွင်းရွာအနီးက စစ်ဘေးရှောင်များ တိမ်းရှောင်နေကြသည့် သံပုရာချောင်းကျေးရွာထဲကို စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ သုံးလကျော်ကြာလာပြီးဖြစ်သည့်အတွက် အစားအသောက်နှင့် နေရာထိုင်ခင်း အခက်အခဲရှိလာကြောင်း၊ ပြည်တွင်း၊ ပြည်ပက အလှူရှင်များ လာရောက်လှူဒါန်းမှုရှိနေသော်လည်း လိုအပ်ချက်ရှိကြောင်း ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts