Sunday, March 8, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီက အကျဉ်းသားများ၏ ကိုယ်ရေးအချက်အလက်များကို ထပ်ကောက်ယူနေ

    စစ်ကောင်စီက အကျဉ်းသားများ၏ ကိုယ်ရေးအချက်အလက်များကို ထပ်ကောက်ယူနေ

    -

    နိုင်ငံတစ်ဝန်းရှိ စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်များတွင် အကျဉ်းသူ/သားတို့၏ ကိုယ်ရေးအချက်အလက်များကို ထောင်အာဏာပိုင်တို့က ထပ်ကောက်ယူနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများကွန်ယက် PPNM က ပြောသည်။

    အကျဉ်းဦးစီးဝန်ထမ်းတို့က စက်တင်ဘာလမှစပြီး အကျဉ်းသူ/သားတို့၏ အမည်၊ အဘအမည်၊ အသက်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာနှင့် အိမ်ထောင် ရှိ၊ မရှိတို့ကို အဓိကမေးမြန်းပြီး အကျဉ်းထောင်တစ်ခုနှင့် တစ်ခု မေးမြန်းမှု မတူညီကြသည်ကို တွေ့ရှိရသည်ဟု PPNM က အောက်တိုဘာလ ၂၈ ရက်နေ့က ထုတ်ပြန်သည်။

    အကျဉ်းထောင်ရောက်ရှိချိန်မှစ၍ ထောင်အဝင်၌ ကိုယ်ရေးအချက်အလက် ၃၂ ချက်ကို ထောင်မှ ကောက်ထားပြီးဖြစ်သည့်အတွက် ထပ်မံကောက်ယူမှုအပေါ် နိုင်ငံရေးအကျဉ်းသားများ စိုးရိမ်ပူပန်နေကြသည်ဟု ဆိုသည်။

    စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် သန်းခေါင်စာရင်းကောက်ယူမှုများကို ပြု‌လုပ်နေသောကြောင့် အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများသည် မဲပေးခွင့်မရှိသော်လည်း မဲမသမာမှုများ ပြုလုပ်မည်ကိုလည်းကောင်း၊ စစ်ရေးအရ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းများ ဖြစ်ပေါ်လာမည်ကိုလည်းကောင်း စိုးရိမ်နေကြသည်။

    PPNM မှတာဝန်ခံကိုသိုက်ထွန်းဦးက “အနည်းဆုံး မေးခွန်း ၇ ခု၊ ၈ ခု လောက်မေးမြန်းတာ တွေ့ရတယ်။ ထောင်အပေါ်မူတည်ပြီး မေးမြန်းမှု မတူတာကို တွေ့ရတယ်။ တကယ့်တကယ် ရွေးကောက်ပွဲပဲ လုပ်လုပ် ဘာပဲလုပ်လုပ် အကျဉ်းသားတွေက အကျုံးမဝင်ဘူး။ မဲပေးပိုင်ခွင့် မရှိတဲ့ သူတို့ကို ဒီလိုမျိုး ထကောက်တာ သံသယအများကြီးဖြစ်စေတယ်။ သူတို့ရဲ့ နိုင်ငံရေး အကျိုးစီးပွား ရရှိဖို့အတွက် အကျဉ်းသားတွေရဲ့ အချက်အလက်ကို အသုံးပြုသွားမှာကို စိုးရိမ်နေရတဲ့ပုံစံမျိုးမှာနော်” ဟု ပြောသည်။

    သန်းခေါင်းစာရင်းကဲ့သို့ အချက်အလက်မေးမြန်းနေမှုကို နိုင်ငံတဝှမ်းရှိ အကျဉ်းထောင် ၁၀ ခုထက်မနည်းတွင် ပြုလုပ်ခဲ့သော်လည်း ထောင်အမည်တပ်ပြီး အတည်ပြုပြောနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

    စစ်ကောင်စီ အကျဉ်းဦးစီဌာနအနေဖြင့် နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းသားများအားလုံး၏ အချက်အလက်များကို ကောက်ခံသွားရန်ရှိသည်ဟု သိရသည်။

    လတ်တလော စစ်ကောင်စီက ကောက်ခံနေသည့် သန်းခေါင်စာရင်း အချက်အလက်များကို နေအိမ်၊ ဘုန်းကြီးကျောင်းများအပါအဝင် အကျဉ်းထောင်၊ အချုပ်စခန်းတို့တွင်လည်း စစ်ကောင်စီ သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့တို့က ရရာနည်းဖြင့် ကောက်ခံလျှက်ရှိသည်။

    စစ်ကောင်စီမှ နိုင်ငံတစ်ဝှမ်း သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ စာရင်းစစ် စာရင်းကောက် ၄၂၀၀၀ ခန့်ဖြင့် ၁၅ ရက်ကြာကောက်ခံခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် မကောက်ခံရသေးသည့်နေရာ ကျန်ရှိနေခြင်းကြောင့် အောက်တိုဘာလ ၃၁ ရက်နေ့အထိ ရက်တိုးသတ်မှတ်ထားသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks