ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စာအုပ် ထုတ်ပေးသည့် ပထဆုံးစင်တာကို စမွတ်စာခွန်ခရိုင်တွင် နိုဝင်ဘာလအတွင်း ဖွင့်လှစ်သွားရန် ရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားများ စီမံခန့်ခွဲရေး အမျိုးသားကော်မတီ အစည်းအဝေးအပြီးတွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနက CI စင်တာ ဖွင့်လှစ်မည့်အကြောင်းကို ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။
မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် စသည့်နိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများအတွက် ခရီးသွားလာခွင့် စာရွက်စာတမ်း (TD) ထုတ်ပေးခြင်းနှင့် အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးသူများကို အထောက်အထားထုတ်ပေးရန်အတွက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
အထူးသဖြင့် ယမန်နှစ်က ထိုင်းအလုပ်သမားရေးရာဝန်ကြီးဌာန၏ အစီစဉ်ဖြင့် အထောက်အထားကဒ်ပြုလုပ်ရန် ကျန်ရှိနေသေးသူများအတွက် ဆက်လက်ပြုလုပ်ပေးသွားမည်ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတတ်ရေးဖောင်ဒေးရှင်း FED အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးက ပြောသည်။
“CI ကို ထိုင်းဘက်က လုပ်ပေးမယ်လေ။ ဒါက အုပ်စုတွေရှိတယ်။ အမှန်က အောက်တိုဘာ ၃၁ ရက်နေ့အထိ နောက်ဆုံးထားပြီး အရင်နှစ်က ထိုင်းအစိုးရအစီအစဉ်နဲ့ CI တို့ ပန်းရောင်ကတ်တို့ workpermit တို့လုပ်ဖို့ လူ ၈ သိန်းဝန်းကျင်လောက်ရှိတဲ့အထဲမှာ တစ်ဝက်လောက်ပဲ ပြီးသေးတယ်ဆိုတော့ အဲ့ဒီအုပ်စုတွေအတွက် ဒီ ၄ နိုင်ငံလုံးကို လုပ်ပေးမယ်လို့ပြောတာပေါ့” ဟု ပြောသည်။
အသစ်ဖွင့်မည့် CI စင်တာတွင် ဖွင့်လှစ်သည့်အချိန်ကစပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလထိ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ဆောင်ရမည့်လိုအပ်ချက်များလာမည်ဆိုပါက စင်တာများ ထပ်တိုးဖွင့်လှစ်သွားရန်လည်းရှိသည်။
ထိုင်းဘက်မှ အသစ်ဖွင့်လှစ်မည့် CI စင်တာသည် မြန်မာဘက်က မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ဖွင့်လှစ်ခဲ့သည့် CI စာအုပ်ထုတ်ပေးသည့်စင်တာနှင့် မတူခြားနားသည့်အချက်များရှိနိုင်သော်လည်း အတိအကျမပြောဆိုနိုင်သေးကြောင်း ဦးမင်းဦးက ဆက်ပြောသည်။
“မြန်မာဘက်က ထုတ်ပေးတဲ့ CI ကျတော့ မြန်မာပြည်သူပြည်သားဖြစ်ကြောင်း ထောက်ခံစာပေါ့ သူ့အပိုင်းနဲ့ သူသွားတာ။ အခု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးတဲ့ဟာကျတော့ ခရီးသွား အထောက်အထားတွေလည်းပါတော့ အတိအကျမပြောနိုင်သေးဘူး” ဟု ၎င်းက ဆိုသည်။
ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိတို့၏ အလုပ်ရှင် သို့မဟုတ် အေဂျင်စီ၊ ပွဲစားထံမှတဆင့် နီးစပ်ရာ ပြည်နယ်အလုပ်သမားနှင့် အလုပ်အကိုင်ရှာဖွေရေးဌာနတို့တွင် CI လုပ်ကိုင်ခွင့်ရရှိရေး စာရင်းတင်ထားကြရန်လိုအပ်ကြောင်း အလုပ်သမားအရေးလှုပ်ရှားသူတို့က တိုက်တွန်းထားသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ယခင်က CI စာအုပ်စင်တာ ၈ နေရာရှိခဲ့သော်လည်း ထိုင်းအစိုးရဘက်က အများစုကို ပိတ်သိမ်းလိုက်ပြီး လက်ရှိတွင် စမွတ်စာခွန်ခရိုင်၊ မဟာချိုင်မြို့ရှိ CI စင်တာတစ်ခုတွင်သာ အကန့်အသတ်ဖြင့် လုပ်ငန်းဆောင်ရွက်ပေးနေကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ်ဇန်နဝါရီလကုန်အထိ တရားဝင် မှတ်ပုံတင်ထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်း ၃ သိန်းကျော်ရှိပြီး အထောက်အထားမရှိသည့် မြန်မာနိုင်ငံသား ၂ သန်းကျော်ရှိနေသေးကြောင်း အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်သူတို့ အချက်အလက်အရ သိရသည်။