Wednesday, April 1, 2026
More
    spot_img
    Homeသတင်းမွန်ရိုးရာဝတ်စုံ လက်လီအရောင်းအဝယ် ပြန်လည်ပတ်လာ

    မွန်ရိုးရာဝတ်စုံ လက်လီအရောင်းအဝယ် ပြန်လည်ပတ်လာ

    -

    ပွင့်လင်းရာသီတွင် အလှူပွဲ၊ ဘုရားပွဲနှင့် အထိမ်းအမှတ်ပွဲများ ပြန်လည်ကျင်းပလာ၍ အရောင်အသွေးစုံသည့် မွန်ပြည်နယ်ထွက်ကုန် မွန်ရိုးရာဝတ်စုံများ လက်လီအရောင်းအဝယ် ပြန်လည် လည်ပတ်လာသည်ဟု မွန်ရိုးရာဝတ်စုံ ထုတ်လုပ်ရောင်းဝယ်နေသူတို့မှ သိရသည်။

    မွန်ရိုးရာဝတ်စုံများကို ပုံမှန်အားဖြင့် နွေ၊ မိုး၊ ဆောင်းမရွေး အွန်လိုင်းမှတစ်ဆင့်အရောင်းအဝယ်ရှိသော်လည်း ပွင့်လင်းရာသီတွင် အနယ်နယ်ရပ်ရပ်မှ မွန်ဒေသခံတို့က အုပ်စုလိုက် လက်လီဝယ်ယူမှု များနေသည်ဟု မွန်ရိုးရာဝတ်စုံရောင်းဝယ်နေသူတို့က ပြောသည်။

    လက်ရှိတွင် ကျပ်သောင်းဂဏန်းမှ သိန်းဂဏန်းအထိ တန်းဖိုးရှိသည့် ပွဲတက်မွန်အမျိုးသား အမျိုးသမီးဝတ်စုံအများစု အရောင်းအဝယ်ကောင်းနေသည်ဟု မော်လမြိုင်မြို့ပေါ်တွင် မွန်ရိုးရာဝတ်စုံရောင်းချနေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

    “မိုးရာသီထက်တော့ နှစ်ဆလောက် ရောင်းအားကောင်းလာတယ်။ ရာသီတိုင်းက ရောင်းရတယ်။ ဒါပေမဲ့ ဒီလိုအချိန်မှာ ပွဲလမ်းသဘင်တွေများတော့ ပိုရောင်းရတယ်ပေါ့။ ထမင်းစားဖို့အတွက်တောင် အချိန်မရှိဘူး။ ဘာဖြစ်လိုလဲဆိုတော့ ဘုရားပွဲတွေရော ပြန်လုပ်လာကြတယ်။ ကထိန်လှည့်ဖို့အတွက် အဖွဲ့လိုက်နဲ့ လာဝယ်ကြတယ်” ဟု ၎င်းက ပြောသည်။

    အဝယ်များသည့်အတွက် အမျိုးသမီးဝတ် လက်ယက်ထည် စက်ယက်ထည် ပွဲတက် ပွဲထိုင်နှင့် ပိုးထည်းအမျိုးမျိုးအစရှိသည့် အထည်များ ဈေးကွက်တွင် မကြာခဏ ပြတ်လပ်နေသည်ဟုလည်း ဆိုသည်။

    သို့သော် နိုင်ငံရေးအခြေအနေကြောင့် ပွဲလမ်းသဘင် ကျင်းပနိုင်မှုအပေါ်မူတည်ပြီး အထည် အရောင်းအဝယ်အတက်အကျ အပြောင်းအလဲမြန်နေသည်ဟုလည်း သံဖြူဇရပ်မှ မွန်ရိုးရာဝတ်စုံ ရောင်းဝယ်နေသူတစ်ဦးက ပြောသည်။

    “ပုံမှန်တော့ မရှိနေဘူး။ ပွဲလမ်းသဘင်ကျင်းပတဲ့ အခြေအနေပေါ် မူတည်ပြီးတော့ လက်လီအရောင်းအဝယ်က ပြောင်းလဲနေတယ်။ တခါတလေ ရောင်းကောင်းလိုက် နားလိုက်နဲ့ အဲလိုဖြစ်နေတယ်။ အွန်လိုင်းမှာပဲ ပုံမှန်ရှိတယ်” ဟု ဆိုသည်။

    မွန်ရိုးရာဝတ်စုံရောင်းဝယ်သူတို့က ပုံမှန်အရောင်းအဝယ်ရှိသည့် အွန်လိုင်းဈေးကွက်ကိုသာ အဓိကမှီခိုနေရသည်ဟု သိရသည်။

    တိုက်ပွဲကြောင့် လမ်းခရီး ကန့်သတ်မှုရှိနေခြင်းနှင့် ပို့ဆောင်စရိတ်ကြီးမြင့်ခြင်းကြောင့် ပြည်ပအရောင်းအဝယ် အကျိုးအမြတ်နည်းသည်နေဟုလည်း မွန်ဝတ်စုံ ရောင်းဝယ်နေသူတို့က ဆိုသည်။

    ဈေးနှုန်းအသင့်တင့်ရှိသည့် မွန်ဒေသတွင်းထုတ်ကုန် မွန်ရိုးရာဝတ်စုံများကို မွန်လူမျိုးများသာမက အခြားသော တိုင်းရင်းသားလူမျိုးတို့လည်း ဝတ်ဆင်လာကြသည့်အတွက် အရောင်းအဝယ် ပိုပြီးကောင်းလာသည်ဟုလည်း သိရသည်။

    မွန်ရိုးရာဝတ်စုံများကို ပြည်တွင်းမှာသာမက ထိုင်း၊ မလေးရှား၊ အမေရိကန်၊ ဂျပန်၊ စင်ကာပူ အစရှိသည့် ပြည်ပနိုင်ငံများထိပါ ရောင်းဝယ်ဖောက်ကားလျှက်ရှိသည်ဟု မွန်ဝတ်စုံ ထုတ်လုပ်ရောင်းချသူတို့က ပြောသည်။

    ရှေးယခင်ကပင် မွန်လူမျိုးတို့သည် ဘုရားပွဲ၊ အထိမ်းအမှတ်ပွဲ၊ နေ့ထူးနေ့မြတ်များနှင့် မွန်အမျိုးသားနေ့တို့တွင် မွန်ဝတ်စုံ အဖြူအနီကို ဝတ်ဆင်ခဲ့ပြီး ခေတ်ကာလပြောင်းလဲတိုးတက်လာသည်နှင့်အမျှ မွန်ဝတ်စုံကို မူရင်းပုံစံမပျက် ရက်လုပ်ကာ ကာလာစုံ၊ ဒီဇိုင်းစုံဖန်တီဝတ်ဆင်လာကြပြီး ပိတ်စအပေါ်မူတည်၍ တန်ဖိုးအားဖြင့် ငွေကျပ် ၁ သောင်း ၅ ထောင်မှ ကျပ် ၁၀ သိန်းထိ ဈေးရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks