Thursday, May 14, 2026
More
    spot_img
    Homeသတင်းကျိုက္ခမီ ရေလုပ်သားနှင့် မြို့ခံများကို ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေး တိုက်ကျွေး

    ကျိုက္ခမီ ရေလုပ်သားနှင့် မြို့ခံများကို ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေး တိုက်ကျွေး

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့က ရေလုပ်သားများအပါအဝင် မြို့ခံပြည်သူများကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (Oral Cholera Vaccine – OCV) ကြိုတင်ကာကွယ်ဆေး တိုက်ကျွေးနေကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

    စက်တင်ဘာလအတွင်းက ကျိုက္ခမီပင်လယ်ပြင်ရှိ ငါးဖမ်းစက်လှေနှင့် ကျားဖောင်တချို့က လှေလုပ်သားများ ဝမ်းပျက်ဝမ်းလျှောကူးစက်မှု စတင်ဖြစ်ပွားခဲ့ပြီး ကျိုက္ခမီမြို့သူမြို့သားများထိပါ ဝမ်းပျက်ဝမ်းလျှော ကူးစက်ပြန့်ပွားမှု ဖြစ်ပွားလာခဲ့သည်။

    ဝမ်းပျက်ဝမ်းလျှောကြောင့် ကျိုက္ခမီရေလုပ်သား ၆ ဦး သေဆုံးခဲ့သည့်အပြင် ရေလုပ်သားနှင့် မြို့ခံရာချီလည်း ဝမ်းပျက်ဝမ်းလျှောကြောင့် ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရသည်။

    ပုံစာ – ကျိုက္ခမီမြို့ခံနှင့် ရေလုပ်သားများကို ဝမ်းပျက်ဝမ်းလျှောတိုက်ကျွေးနေစဉ်

    ကျိုက္ခမီမြို့က ဝမ်းပျက်ဝမ်းလျှောကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဌာနက မြို့ခံနှင့် ရေလုပ်သားများကို အောက်တိုဘာလ ၈ ရက်နေ့ကစပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ဆေး တိုက်ကျွေးမှု လုပ်ဆောင်နေသည်ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “ကျိုက္ခမီမြို့ခံတွေရော၊ ရေလုပ်သားတွေအပါအဝင်အားလုံး လူဦးရေ (၂၀၀၀၀) နီးပါးကို ပြင်းထန်ဝမ်းပျက်ဝမ်းလျော (Oral Cholera Vaccine – OCV) ရောဂါကြိုတင်ကာကွယ်ဆေး တိုက်ကျွေးမှုတွေလုပ်ဆောင်နေပါတယ်။ အောက်တိုဘာလ (၈) ရက်နေ့ကနေ နေ့တိုင်းတိုက်ကျွေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

    ၎င်းပြင် ကျိုက္ခမီမြို့ပေါ်ရှိ ရေတွင်း၊ ရေကန်များကို ကလိုရင်းဆေးခတ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားခဲ့သည့်နေအိမ်၊ ရပ်ကွက်ကို ဆေးဖြန်းခြင်းလုပ်ငန်းများ လုပ်ဆောင်ထားသည့်အပြင် ဗီနိုင်းထောင်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးမှု လုပ်ဆောင်ထားကြောင်း ဆိုသည်။

    သံဖြူဇရပ်မြို့ပေါ်နှင့် ကျေးရွာတချို့က ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသည့် လူနာများနှင့် ထိတွေ့ခဲ့သူများကိုလည်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (Oral Cholera Vaccine – OCV) ရောဂါ ကြိုတင်ကာကွယ်ဆေး တိုက်ကျွေးမှု လုပ်ဆောင်နေကြောင်းလည်း မြို့နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

    အလားတူ ရေးမြို့နယ်၊ အစင်စံပြကျေးရွာ၊ ဓမင်းဆိပ်အပိုင်းတွင်လည်း ငါးဖမ်းလှေလုပ်သားများအကြား ဝမ်းပျက်ဝမ်းလျှောကူးစက်ဖြစ်ပွားနေပြီး တစ်ဦးသေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

    ကျိုက္ခမီနှင့် ရေးအပြင် မုဒုံမြို့နယ်အတွင်း၌လည်း ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုများရှိနေကြောင်း ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေသည့်နေရာတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျော (Oral Cholera Vaccine – OCV) ရောဂါကြိုတင်ကာကွယ်ဆေး တိုက်ကျွေးမှုများလုပ်ဆောင်နေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,800SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks