Thursday, May 14, 2026
More
    spot_img
    Homeသတင်းစစ်တပ်သတင်းပေးအချို့ကို MNDAA ဖမ်းဆီးထား

    စစ်တပ်သတင်းပေးအချို့ကို MNDAA ဖမ်းဆီးထား

    -

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စစ်ကောင်စီသတင်းပေးဟု ယူဆရသူအချို့ကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA က ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။

    စီသတင်းပေးဟု ယူဆရသူတို့က StarLink အင်တာနက်လိုင်းကို အသုံးပြုပြီး လေယာဉ် ဗုံးကြဲရမည့် ပစ်မှတ်အတိအကျကို စစ်ကောင်စီထံ သတင်းပေးနေသည်ကို သက်သေနှင့်တကွ MNDAA က ရရှိထားသည်ဟု ဆိုသည်။

    ထိုကြောင့် MNDAA က လတ်တလောတွင် Star Link အင်တာနက်များကို ယာယီဖြတ်တောက်ထားပြီး သတင်းပေးများကို ဖမ်းဆီးမှု လုပ်ဆောင်နေခြင်း ဖြစ်သည်။

    ပုံစာ – လားရှိုးမြို့ပေါ်တွင် StarLink အင်တာနက် သုံးစွဲနေကြသည့်ဒေသခံများ

    “လိုင်းတွေဖြတ်ထားတာ။ ပြီးတော့ ဒလန်တွေ မိထားတယ်။ မနေ့က မြို့လယ်မှာ အဲဒီဒလန်တွေကို ထုတ်ပြသေးတယ်။ ဒီနေ့တော့ နေရာရွှေ့သွားပြီ။ တစ်ပတ်တစ်ခါ ထုတ်ပြမယ်ပြောတယ်။ သူတို့ရဲ့ဖုန်းတွေကို စစ်တော့ စစ်တပ်ကလူတွေနဲ့ ဗုံးကြဲဖို့ နေရာတွေ ပြောထားတာကို အတိအကျ သက်သေနဲ့ ရသွားတာ။ အဲ့တာကြောင့် ဖမ်းတာတဲ့။ ၅ ယောက်လောက်ရှိတယ် တွေ့ခဲ့တာတော့” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

    MNDAA က စစ်ကောင်စီသတင်ပေးဟု ယူဆရသူ အယောက် ၃၀ ခန့်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ၎င်းထဲတွင် အမျိုးသမီးများလည်း ပါဝင်ကြောင်း ဒေသခံတို့က ပြောသည်။

    ဖမ်းဆီးထားသည့် စစ်ကောင်စီသတင်းပေးဆိုသူများကို မည်ကဲ့သို့သော အရေးယူဖြင့် အရေးယူသွားမည်ဆိုသည်ကို MNDAA က တရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးပေ။

    MNDAA က သတင်းပေးဆိုသူများအပြင် မြို့ပေါ်ရှိ ဒေသခံနေအိမ်များကို ဖောက်ထွင်သူများကိုလည်း ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

    MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက ပစ်မှတ်အတိအကျဖြင့် နေ့တိုင်းလိုလို လေယာဉ် ဗုံးကြဲတိုက်ခိုက်နေပြီး စက်တင်ဘာလမှ အောက်တိုဘာလ ၆ ရက်နေ့အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၉ ဦးသေဆုံးကာ၊ ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိသည်ဟု MNDAA က ထုတ်ပြန်ထားသည်။

    လားရှိုးမြို့အပြင် တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားသည့် နယ်မြေများတွင်လည်း စစ်ကောင်စီသတင်းပေးများ ဖမ်းဆီးရမိထားကြောင်း ဒေသတွင်း သတင်းများ၏ ဖော်ပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,800SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks