spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းလမ်းပိတ်ဆို့မှုနှင့် လမ်းခရီးမလုံခြုံမှုကြောင့် ဆားဝယ်လိုအားကျဆင်း

    လမ်းပိတ်ဆို့မှုနှင့် လမ်းခရီးမလုံခြုံမှုကြောင့် ဆားဝယ်လိုအားကျဆင်း

    -

    မွန်ပြည်နယ်ထွက် နေလှန်းဆားများ တစ်ပိဿာ ၂၀၀ ဝန်းကျင်ဈေးကောင်းရသော်လည်း ဝယ်လိုအားအများဆုံးဖြစ်သည့် ကရင်ပြည်နယ်ဘက်သို့ လုံးဝမတင်သွင်းနိုင်သည့်အတွက် ဝယ်လိုအားကျဆင်းနေသည်ဟု မွန်ဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။

    ကရင်ပြည်နယ်ဘက်သို့ ဆားအဓိကတင်ပို့နေသည့် သံဖြူဇရပ်-ဘုရားသုံးဆူလမ်း၊ မုဒုံ-အဘစ်လမ်းပိုင်း ပိတ်ဆို့ထားခြင်းကြောင့် ကရင်ဘက်သို့ ဆားတင်ပို့မှု လုံးဝရပ်နားထားရသည်ဟုလည်း မွန်ဆားလုပ်ငန်းရှင်တို့က ပြောသည်။

    Screenshot

    ယမန်နှစ်က ဆားလုပ်ငန်းမစခင် အောက်တိုဘာလတွင် ဈေးကွက်လိုအပ်ချက်အရ ဆားပြတ်လပ်သည်ထိ ရှိခဲ့သော်လည်း ယခုနှစ်တွင် ဆားတောင်သူလက်ထဲ ဆားအကျန် အိတ်ထောင်နှင့်ချီ ရှိနေသည်ဟု သံဖြူဇရပ်မြို့မှ ဆားလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

    “ဖောက်သည်က ဒီအနီးဝိုက်နဲ့ ကရင်ဘက်ကပဲ များနေတော့ အခု စစ်ကောင်စီက လမ်းတွေ ပိတ်ထားတော့ သွားလာမရ ဖြစ်နေတယ်ပေါ့။ ကျွန်တော်တို့ဆားက အဲဘက်က ကရင်ပဲဝယ်များတာ။ အဘစ်လမ်းသွားလဲ သူတို့ ပိတ်လိုက်တယ်။ ဘယ်လမ်းသွားမရ။ အခု ဆားတွေ သုံးပုံ‌ဆို နှစ်ပုံတောင် ရောင်းမရနေဘူး။ ဂိုဒေါင်ထဲမှာ အများကြီးကျန်နေသေးတယ်။ ခါတိုင်းဆို ကရင်တွေလာဝယ်တာ ရောင်းလို့တောင် မလောက်ဘူး” ဟု ၎င်းက ပြောသည်။

    ၎င်းပြင် ငါးလုပ်ငန်းအဓိကလုပ်ကိုင်သည့် ရေးနှင့် ထားဝယ်ဘက်သို့ ဂိတ်ကြေးကောက်ခံမှုများခြင်း၊ လမ်းခရီး လုံခြုံမှုမရှိခြင်းကြောင့် ဆားတင်ပို့ရောင်းချနိုင်ခြင်းမရှိပဲ ကိုယ်တိုင်လာရောက်ဝယ်ယူသူများကိုသာ ရောင်းချနေရသည်ဟု ဆားလုပ်ငန်းရှင် အမျိူးသမီးတစ်ဦးက ပြောသည်။

    “ကျွန်မတို့က ရေး-ထားဝယ်ဘက်ဆို မပို့ချင်ဘူး။ သူတို့ကားနဲ့လာယူမှ ပေးတယ်။ ၁၀ အိတ် ၁၅ အိတ်ဆို ကျွန်မတို့ မပို့ပေးဘူး။ လမ်းမှာ အဆင်မပြေဘူး။ ဘာလို့ဆို ‌စစ်ဆေးမှုများတယ်။ အခွန်ကောက်တာလဲ အများကြီးပေးရတယ်။ လမ်းမှာ မလုံခြုံနေဘူး” ဟု ၎င်းအမျိုးသမီးက ဆက်ပြောသည်။

    ပြည်တွင်းဈေးကွက်ကိုသာ အဓိက အားထားနေရသည့် မွန်ဒေသထွက် ဆားသည် စစ်ကောင်စီ၏ ကန့်သတ်ပိတ်ဆို့မှုကြောင့် ဈေးကွက်အတွင်း ဝယ်လိုအားနည်းပြီး အရှုံးပေါ်နေသည်ဟုလည်း ဆားလုပ်ငန်းရှိတို့က ဆိုသည်။

    ပြည်ပဆားဈေးကွက်အခိုင်အမာ ရရှိရန်ဆိုပြီး ၂၀၂၄ ခုနှစ်တွင် မွန်ပြည်နယ်ထွက် အဆင့်မြင့်ဆားကြမ်း တန်ချိန် ၅၀၀၀ ကို တောင်ကိုးရီးယားဈေးကွက်သို့ တင်ပို့နိုင်ရန် မွန်ပြည်နယ်ဆားလုပ်ငန်းရှင်က ပြောဆိုထားသော်လည်း လက်ရှိအချိန်အထိ အကောင်ထည်ဖော်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

    တစ်ဖက်တွင် နေလှန်းဆားလုပ်ငန်း ပြန်လည်စတင်ရန် စက်သုံးဆီဈေးနှုန်း မြင့်တက်နေပြီး အလုပ်သမားငှားရမ်းခ တစ်ရက်လုပ်အားခ ၂၀၀၀၀ အထိ ပေါက်ဈေးရှိနေခြင်းကြောင့် ဆားကြမ်းထုတ်လုပ်မှုစရိတ် မြင့်တက်နိုင်ကြောင်းလည်း ဆားလုပ်ငန်းရှင်တို့က ဆိုသည်။

    မွန်ပြည်နယ်အတွင်း ဆားကြမ်းထုတ်လုပ်မှုကို မိုးရာသီအကုန် စက်တင်ဘာလလယ်ခန့်တွင် စတင်လုပ်ကိုင်ကြသော်လည်း မိုးဆက်လက်ရွာသွန်းနေမှုကြောင်း ဆားလုပ်ငန်း မစတင်နိုင်သေးသည့် အခြေအနေရှိနေသည်ဟု သိရသည်။

    မွန်ပြည်နယ်တွင် ဆားကွင်းဧကပေါင်း ၄၅၀၀ ကျော်မှ နှစ်စဉ် ဆားတန်ချိန် ၆ သောင်းခန့် ထွက်ရှိပြီး အိုင်အိုဒင်းဆာချော ၁၅ ရုံမှ ဆားချောတန်ချိန် ၄ သောင်းကျော် နှစ်စဉ်ထွက်ရှိနေသည်ဟု မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း၏ အချက်အလက်များအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks