Homeသတင်းမွန်တွင် တစ်လအတွင်း သတ်ဖြတ်ခံရသူ ၁၇ ဦးရှိ

မွန်တွင် တစ်လအတွင်း သတ်ဖြတ်ခံရသူ ၁၇ ဦးရှိ

-

မွန်ပြည်နယ်တွင် တိုက်ပွဲများ အားကောင်းလာသည်နှင့် အရပ်သားထိခိုက်သေဆုံးမှုလည်း နေ့စဉ်တိုးပွားလာနေပြီး စက်တင်ဘာလ တစ်လအတွင်း၌ သတ်ဖြတ်ခံရသူ ၁၇ ဦးရှိကြောင်း လဂွန်းအိမ် စာစဉ်က ထုတ်ပြန်ထားသည့်အချက်အလက်များအရ သိရသည်။

သတ်ဖြတ်ခံရသူ ၁၇ ဦးတွင် အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၃ ဦးပါဝင်ပြီး ရေးမြို့နယ်တွင် ၄ ဦး၊ မုဒုံမြို့နယ်တွင် ၄ ဦး၊ ချောင်းဆုံတွင် ၁ ဦး၊ ပေါင်တွင် ၁ ဦး၊ သထုံတွင် ၄ ဦးနှင့် ကျိုက်ထိုမြို့နယ်တွင် ၃ ဦးတို့ဖြစ်သည်။

စက်တင်ဘာလအတွင်း အရပ်သား သတ်ဖြတ်ခံရမှု အရေအတွက်သည် ပြီးခဲ့သည့် ဩဂုတ်လနှင့်ယှဉ်လျှၚ် မြင့်တက်လာကြောင်း ဩဂုတ်လအတွင်းက သတ်ဖြတ်ခံရသူ ၁၂ ဦးရှိသည်ဟု လဂွန်းအိမ် စာစဉ်က ထုတ်ပြန်ထားသည်။

သေဆုံးသူများသည် မြေမြုပ်မိုင်းနင်းမိခြင်း၊ လုပ်ကြံသတ်ဖြတ်ခံရခြင်းနှင့် စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူလည်း ၂၁ ဦးရှိသည်။

ထိခိုက်ဒဏ်ရာရသူ ၂၁ ဦးထဲတွင် စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသား ၈ ဦး၊ အမျိုးသမီး ၅ ဦး၊ မြေမြုပ်မိုင်းကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၄ ဦးပါဝင်သည်။

၎င်းပြင် မွန်ပြည်နယ်အတွင်း အစုလိုက် အပြုံလိုက် ဖမ်းဆီးခံရမှုနှင့် အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းခံရမှုလည်း သိသိသာသာ မြင့်တက်လာပြီး စက်တင်ဘာလအတွင်း၌ ဖမ်းဆီးခံရသူ ၅၀ နီးပါး ရှိသည်။

ဖမ်းဆီးခံရသူများထဲတွင် အများစုသည် စစ်မှုထမ်းရန်အတွက် အတင်းအဓမ္မဖမ်းဆီးခံရခြင်းဖြစ်ပြီး ဘီးလင်းမြို့နယ်တွင် ဖမ်းဆီးခံရမှု အများဖြစ်သည်ဟုလည်း လဂွန်းအိမ် စာစဉ်က ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်လာခြင်းနှင့်အတူ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေများလည်း ဆိုးရွားသထက် ဆိုးရွားလာနေပြီး ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များသည် သိသိသာသာမြင့်တက်လာသည်ဟု ဆိုသည်။

လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် ဖြစ်စဉ်များထဲမှ မတရား ဖမ်းဆီးခံရသည့် အခြေအနေများသည် ဆိုးဆိုးရွားရွား ဖြစ်ပွားနေပြီး အထူးသဖြင့် စစ်မှုထမ်းဥပဒေပေါ်ပေါက်လာပြီးနောက် ပိုပြီးဆိုးရွားလာသည်ဟု လဂွန်းအိမ် စာစဉ်က ဆိုထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts