Home သတင်း MNDAA သိမ်းပိုက်ထားသည့် လားရှိုးကို စစ်ကောင်စီ ဆက်တိုက်ဗုံးကြဲနေ

MNDAA သိမ်းပိုက်ထားသည့် လားရှိုးကို စစ်ကောင်စီ ဆက်တိုက်ဗုံးကြဲနေ

ကိုးကန့်တပ်မတော် (MNDAA) သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်း ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၃ နာရီ ၄၀ မိနစ်အချိန်ခန့်ကလည်း လားရှိုးမြို့ပေါ်ကို ပေါင် ၅၀၀၊ ပေါင် ၂၀၀ ဗုံးများဖြင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ဦး သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိသလို လားရှိုး မြို့မဈေးကြီးနှင့် Green Park ဟိုတယ်အနီးရှိ နေအိမ်များလည်း ထိပျက်စီးမှုရှိကြောင်း မြို့ခံတို့ထံမှ သိရသည်။

“ဒီရက်ထဲမှာ လေယာဉ်က နေ့တိုင်းလိုလို လာတယ်။ သူတို့ကလေ တိုက်ပွဲလဲ ဖြစ်နေတာမဟုတ်ပါဘူး။ ဗုံးကြဲတာကလည်း စျေးထဲကိုပဲ ကြဲတာ။ လူတွေကို သေစေချင်နေတာလား မသိဘူး။ အခုဆိုရင် အကုန်လုံးက မြို့ထဲမှာ နေဖို့ လန့်နေရပြီ။ ကျွန်မတို့ဆို လူကြီးတွေကို အခုထိ အိမ်ကို ပြန်မခေါ်ရဲသေးဘူး။ လေယာဉ်ကိုပဲ ကြောက်နေကြရတာ” ဟု လားရှိုးမြို့ခံတစ်ဦးက လွတ်လပ်သောမွန် သတင်းအေဂျင်စီသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် လားရှိုးမြို့ ရပ်ကွက် ၂ နေ ပြည်သူတစ်ဦး သေဆုံးကာ၊ ၉ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သေးသည်။

စစ်ကောင်စီက လားရှိုးမြို့ကို စက်တင်ဘာလ ၂၁ ရက်​နေ့ကစတင်ပြီး လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာခဲ့ကြောင်း စက်တင်ဘာ ၂၇ ရက်နေ့ထိ လားရှိုးမြို့ပေါ်ကို လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ ရက်အတွင်း ဒေသခံအရပ်သား ၃ ဦး သေဆုံးပြီး၊ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်အဆောင်အဦးအချို့လည်း ထိခိုက်ပျက်စီးမှုရှိနေသည်။

MNDAA ကတော့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်ပျက်ပြားစေသည်ဟု ထုတ်ပြန်ပြောဆိုထားသည်။

MNDAA က လားရှိုးမြို့ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေပြီး အုပ်ချုပ်ရေး ယန္တယားများ လည်ပတ်နိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်နေချိန်တွင် စစ်ကောင်စီက လာရှိုးမြို့ကို ယခုလို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုလာနေခြင်းဖြစ်သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.