Homeသတင်းသံဖြူဇရပ်တွင် လူမှုကယ်ဆယ်ရေးနှင့် ပရဟိတသမားများကို စစ်ကောင်စီတပ် ဆက်တိုက်ဖမ်းဆီးနေ

သံဖြူဇရပ်တွင် လူမှုကယ်ဆယ်ရေးနှင့် ပရဟိတသမားများကို စစ်ကောင်စီတပ် ဆက်တိုက်ဖမ်းဆီးနေ

-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် လူမှုကယ်ဆယ်ရေးနှင့် ပရဟိတလုပ်ငန်းဆောင်ရွက်နေသူတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးမှု ဆက်တိုက်ပြုလုပ်နေသည်ဟု မြို့ခံသတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နှင့် ၂၀ ရက်နေ့တွင် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဌအပါအဝင် အသင်းဝင် ၈ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခံခဲ့ပြီးနောက် စက်တင်ဘာလ ၂၂ ရက်နေ့တွင် သံဖြူဇရပ်မြို့၊ အောင်သာယာရပ်ကွက်က ပရဟိတလုပ်ငန်းဆောင်ရွက်နေသူ နှစ်ဦး စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးခဲ့သည်။

ယင်းနောက် သံဖြူဇရပ်မြို့၊ စက်သစ်ပိုင်းမှ ကျောင်းထိုင်ဆရာတော်တစ်ပါးကိုလည်း ပိုင်ရှင်မဲ့လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ဆက်စပ်မှုရှိနေသည်ဟုဆိုကာ စက်တင်ဘာ ၂၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ထပ်မံဖမ်းဆီးခဲ့သေးသည်ဟု သံဖြူဇရပ်မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ရေဘေးအတွက် အလှူခံတဲ့ကိစ္စကြောင့် ၈ ယောက်ကိုဖမ်းဆီးသွားတာ။ နောက်ထပ်ဖမ်းခံရတဲ့ နှစ်ယောက်က ပြီးခဲ့တဲ့ ရက်ပိုင်းက ဘုရားသုံးဆူသွားတဲ့လမ်းမှာ တိုက်ပွဲဖြစ်တော့ သေနေတဲ့ စစ်ကောင်စီတပ်သားအလောင်းတွေကို ကောက်သယ်ခိုင်းတာကို မသွားလို့ အဲဒါကြောင့်။ ပြီးတော့ မနေ့ညကလည်း ကျောင်းထိုင်ဆရာတော်တစ်ပါးကို လာဖမ်းသွားတယ်လို့ကြားတယ်။ အသေအချာတော့ မသိရသေးဘူး” ဟု ၎င်းကမြို့ခံက ပြောသည်။

ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ဆက်သွယ်ခြင်း၊ လက်နက်သယ်ဆောင်ရေးလုပ်ငန်းတို့တွင် ပါဝင်ကူညီခြင်းစွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးသည်ဟု သတင်းထွက်နေသော်လည်း လွတ်လပ်သောမွန်သတင်းအေဂျင်စီ (IMNA) အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဖမ်းဆီးခံထားရသည့် သံဖြူဇရပ်မြို့ခံများကို ဝဲကလိကျေးရွာအခြေစိုက် အမှတ် ၄ တပ်မတော်တန်းမြှင့်သင်တန်းကျောင်းတွင် စစ်ဆေးမေးမြန်းနေပြီး ယနေ့ထိ မိသားစုဝင်တို့နှင့် တွေ့ခွင့်မပေးသေးကြောင်း သိရသည်။

သံဖြူဇရပ်မြို့တွင် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တို့ကို မကြာခဏ ဆက်တိုက်ဖမ်းဆီးနေမှုကြောင့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ လုပ်ငန်းဆောင်ရွက်မှု ခေတ္တရပ်နားထားရသည့်အပြင် မြို့ခံတို့အကြားတွင်လည်း ထိန့်လန့်နေကြသည်ဟု ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အကုန်လုံးကကြောက်ကြတာပဲလေ။ သူတို့ဖမ်းတာက ဘာကြောင့်ဖမ်းလည်းဆိုတာမသိနေတော့ ဘယ်လိုစိုးရိမ်ရမှန်းကို မသိတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်မြို့အတွက်တော့ အတတ်နိုင်ဆုံး အကောင်းဆုံးလုပ်ပေးရမယ့်တာဝန်က ကိုယ့်မှာရှိတယ်လေ” ဟု အထက်ပါ ပရဟိတအဖွဲ့ဝင်က ပြောသည်။

မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ၊ ဖမ်းဆီးခံနေရသည့်အပြင် သံဖြူဇရပ်နှင့် မုဒုံမြို့နယ်မှ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ဝင် ၂ ဦးကိုလည်း စစ်ကောင်စီက ထောင်ဒဏ်ချမှတ်ခဲ့သည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။

လဂွန်းအိမ်စာစဉ်က ထုတ်ပြန်ထားသည့် အချက်အလက်များအရ မွန်ပြည်နယ်တွင် အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံရသူ ၁၀၀၀ ကျော်အထိရှိနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts