Homeသတင်းသံဖြူဇရပ် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဝင် သုံးဦး ထပ်မံဖမ်းဆီးခံရ

သံဖြူဇရပ် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဝင် သုံးဦး ထပ်မံဖမ်းဆီးခံရ

-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဝင် သုံးဦး ထပ်မံဖမ်းဆီးခံရပြီး ဖမ်းဆီးခံရသည့် အသင်းဝင် ရှစ်ဦးအထိ ရှိလာသည်ဟု အသင်းနှင့်နီးစပ်သည့် မြို့ခံတို့ထံမှ သိရသည်။

စက်တင်ဘာလ ၂၀ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ပိုင်ရှင်မဲ့လူမှုကူညီရေးအ သင်းဝင် သုံးဦးကို ၎င်းတို့နေအိမ်အသီးသီးတွင် စစ်ကောင်စီတပ်တို့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့ညက ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးရဲမင်းထိုက်၊ ကိုရဲနိုင်ဦး၊ ကိုဇော်ဝမ်းနှင့် အခြားအသင်းဝင် နှစ်ဦးတို့ကို အောင်မင်္ဂလာရပ်ကွက်ရှိ ပိုင်ရှင်မဲ့လူမှုကူညီရေးတွင် ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ဆက်သွယ်တာ၊ ထောက်ပံ့တာတွေနှင့် လက်နက်သယ်ဆောင်ရေးတွင် ပါဝင်ကူညီသည့်စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဌနှင့် အသင်းဝင်များကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတို့ထံမှ သိရသည်။

ဖမ်းဆီးခံထားရသည့် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဝင်များကို ဝဲကလိကျေးရွာအခြေစိုက် အမှတ် ၄ တပ်မတော်တန်းမြှင့် သင်တန်း စစ်ကြောရေးတွင် စစ်ဆေးမေးမြန်းနေသည်ဟုလည်း ဆိုသည်။

ဖမ်းဆီးခံရသူများနှင့် အဆက်အသွယ်မရသည့်အတွက် မိသားစုဝင်တို့က ၎င်းတို့အတွက် အသက်အန္တရာယ် စိုးရိမ်ပူပန်နေကြရသည်ဟု နီးစပ်သူတို့က ပြောသည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့ကလည်း ရေးမြို့နယ်၊ လမိုင်းမြို့အခြေစိုက် လမိုင်းလူငယ်ပရဟိတအဖွဲ့ ဥက္ကဌအပါအဝင် အဖွဲ့ဝင် ၅ ဦးကို စစ်ကောင်စီတပ်တို့က လာရောက်ဖမ်းဆီးသွားပြီးနောက် တစ်ပတ်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။

မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ ဖမ်းဆီးခံနေရသည့်အပြင် သံဖြူဇရပ်နှင့် မုဒုံမြို့နယ်မှ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ဝင် နှစ်ဦးလည်း စစ်ကောင်စီက ထောင်ဒဏ်ချမှတ်ခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts