Homeသတင်းမောင်မယ်ရှောင်ရွာက နေအိမ်တွေကို စစ်တပ်က မီးရှို့နေ

မောင်မယ်ရှောင်ရွာက နေအိမ်တွေကို စစ်တပ်က မီးရှို့နေ

-

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပုံစာ – စက်တင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက မောင်မယ်ရှောင်ရွာ နေအိမ်မီးရှို့ခံနေရသည်ကို တွေ့ရစဉ် (ပုံခရက်တစ် – The Tanintharyi Times)

မောင်မယ်ရှောင်ရွာတွင် ရှိနေသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လည်ပိုင်းခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာအတွင်းရှိ ဒေသခံနေအိမ်များကို စစ်ကောင်စီတပ်က စတင်မီးရှို့ခဲ့သည်။

ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့မှာတော့ မောင်မယ်ရှောင်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း နေ့လည်ပိုင်းအချိန်ထိ စစ်ကောင်စီတပ်က နေအိမ်များကို ဆက်လက်မီးရှို့နေကြောင်း ဒေသခံတို့က ဆိုသည်။

“မီးကများတယ် ခုနကထိ ရှို့နေတုန်းပဲ။ ဒီတခေါက် တိုက်ပွဲမဖြစ်ခင်တုန်းက ကျနော် အဲဒီရွာကို ရောက်သွားသေးတယ်။ စစ်သားတွေက အိမ်တွေမှာရှိနေတာ။ လူတွေကလည်း မရှိတာကြာပြီလေ။ ၂ လလောက်ရှိပြီး စစ်သားတွေရောက်နေတာက” ဟု ဒေသခံတစ်ဦးက ပြောသည်။

မောင်မယ်ရှောင်ရွာတွင် ယခုရက်သတ္တပတ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ဇဟာရွာအခြေစိုက် စစ်ကောင်စီ အမြှောက်တပ် ၃၀၂ မှ လက်နက်ကြီးများဖြင့် ပစ်ကူနေသည်လည်း ရှိနေသည်။

“အဲဒီမှာက ဘယ်တပ်ကဆိုပြီး အထိုင်ချထားတာမဟုတ်ဘူး။ တပ်တွေများတယ်။ ပျူတွေလည်းပါတယ်။ လူမရှိတဲ့အိမ်တွေမှာ ဝင်နေလိုက် နောက်ပြီး မီးရှို့လိုက် လုပ်နေတာ။ အိမ်အရေအတွက်က မသိရသေးဘူးဗျ။ အခုထိ ရှို့နေတုန်း” ဟု တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မောင်မယ်ရှောင်ရွာတွင် စစ်ကောင်စီတပ် မကြာခဏဆိုသလို ဝင်ရောက်တပ်စွဲမှုလုပ်ဆောင်ပြီး ဒေသခံများကို ပစ်ခတ်သတ်ဖြတ်မှုလည်း လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

မောင်မယ်ရှောင်ရွာတွင် တိုက်ပွဲမကြာခဏဖြစ်ပွားနေသည့်အပြင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်တို့က ကျေးရွာအတွင်း ဝင်ရောက်အထိုင်ချတပ်စွဲထားသည့် ဒေသခံများ လွန်ခဲ့သည့် သုံးလခန့်ကတည်းက ရွာလုံးကျွတ် နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts