Homeသတင်းသံဖြူဇရပ်မြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင် ၅ ဦး ဖမ်းဆီးခံရ

သံဖြူဇရပ်မြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင် ၅ ဦး ဖမ်းဆီးခံရ

-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဥက္ကဌအပါအဝင် အဖွဲ့ဝင် ၅ ဦးကို စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တို့က လာရောက်ဖမ်းဆီးသွားခဲ့သည်ဟု မြို့ခံသတင်းအရင်းအမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်က သံဖြူဇရပ်မြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ကားဖြင့်ရောက်ရှိလာပြီး အသင်း ဥက္ကဌ ဦးရဲမင်းထိုက်၊ ကိုရဲနိုင်ဦး၊ ကိုဇော်ဝမ်းနှင့် နောက်ထပ်အသင်းဝင် ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က အသင်းဝင် ၅ ကို ဝဲကလိကျေးရွာအခြေစိုက် အမှတ် ၄ တပ်မတော်တန်းမြှင့် သင်တန်းကျောင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့အထိ စစ်ဆေးမေးမြန်းခံနေရသည်ဟု အသင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“၁၈ ရက်နေ့ ည ၁၁ နာရီ ၁၂ အချိန်လောက်ကပေါ့။ စစ်ကောင်စီအဖွဲ့စုံပဲ ကားနဲ့လာကြတာ။ ဘယ်သူမှ အတိအကျမသိဘူး။ ဘာအတွက်ကြောင့် ဖမ်းသွားလဲဆိုတာ။ အကုန်လုံးလည်း သိချင်နေကြတာပဲ။ အခုတော့ တပ်ထဲမှာ စစ်ဆေးနေတယ်လို့ကြားတယ်။ အခုထိ ဝဲကလိတပ်မှာရှိတုန်းပဲ” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရပြီး နှစ်ရက်ကြာလာသည်ထိ အဆက်အသွယ်မရသည့်အတွက် မိသားစုဝင်တို့က စိုးရိမ်နေကြသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့ကလည်း ရေးမြို့နယ်၊ လမိုင်းမြို့အခြေစိုက် လမိုင်းလူငယ်ပရဟိတအဖွဲ့ ဥက္ကဌအပါအဝင် အဖွဲ့ဝင် ၅ ဦးကို စစ်ကောင်စီတပ်တို့က လာရောက်ဖမ်းဆီးသွားပြီးနောက် တစ်ပတ်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။

မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ ဖမ်းဆီးခံနေရသည့်အပြင် သံဖြူဇရပ်နှင့် မုဒုံမြို့နယ်မှ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ဝင် နှစ်ဦးလည်း စစ်ကောင်စီက ထောင်ဒဏ်ချမှတ်ခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts