Homeသတင်းစစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ရေးဒေသခံများ စိုးရိမ်နေရ

စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ရေးဒေသခံများ စိုးရိမ်နေရ

-

မွန်ပြည်နယ်၊ ရေးမြို့နယ် အခြေစိုက် စစ်ကောင်စီ အမြှောက်တပ်များမှ လက်နက်ကြီးဖြင့် နေ့စဥ်နီးပါး ပစ်ခတ်နေမှုကြောင့် ဒေသခံများ စိုးရိမ်ကြောက်လန့်နေကြကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေးမြို့နယ် မော့ကနင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ အခြေစိုက် အမှတ် (၃၁၇) အမြှောက်တပ်ရင်းနှင့် ခလရ (၁၀၆) တပ်ရင်းတို့မှ ကျေးရွာ အပြင်ဘက်သို့ နေ့စဉ်နီးပါးဆိုသလို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

“အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် လယ်၊ ခြံတို့ထဲမှာ ရှိနေတဲ့ သူတွေက သူတို့ဘက်ကို လက်နက်ကြီး ကျလာမှာကို စိုးရိမ်တာပေါ့။ နောက်တစ်ခုက ဒီအချိန်မှာ ခြံခုတ် မြက်ရှင်းလင်းတဲ့လူတွေက သွားလာရေးလည်း ခက်ခဲဖြစ်တာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါစစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် တစ်နေ့ကို အနည်းဆုံး နှစ်ကြိမ်ကနေ ၃ ကြိမ်အထိ ရမ်းသမ်းပစ်ခတ်နေပြီး ညပိုင်းအချိန်တွင်သာ ပိုမို ပစ်ခတ်လေ့ရှိကြောင်း ဒေသခံက ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ အမတ-၃၁၇ တပ်ရင်း အနီးပတ်ဝန်းကျင်ရှိ ခြံဧက ၃၀၀၀ ခန့်နှင့် ခလရ-၁၀၆ တပ်ရင်းအနီး ခြံဧက သောင်းနှင့်ချီ တည်ရှိနေပြီး ဒေသခံများ မသွားရဲတော့ဘဲ ခြံလုပ်ငန်းများ လုံးဝ ရပ်နားထားရသည်ဟု ဆိုသည်။

“တပ်အနီးပတ်ဝန်းကျင်ကလူတွေ နေတဲ့လူမရှိတော့ဘူး၊ ခြံပိုင်ရှင်ဆိုလည်း မသွားရဲတော့ဘူး။ အကုန်လုံးခြံပစ်ထားရတယ်။ ကျနော်တို့ခြံလည်း ၄ ခြံရှိတယ်၊ ၂ နှစ်ရှိပြီး ပစ်ထားရတယ်။ အခုခြံမြက်ခုတ်ဖို့လည်း မသွားရဲတော့ဘူး။ လူငှားခေါ်ဖို့ကလည်း ဘယ်သူမှ မလုပ်ရဲဘူး၊ အားလုံးပစ်ထားရတယ်” ဟု အမျိုးသားခြံပိုင်ရှင်တစ်ဦးက ပြောသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရေးမြို့နယ်အတွင်း အခြေစိုက်ထားသည့် စစ်ကောင်စီတပ်ရင်းတို့မှ လူနေကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်လေ့ရှိတာကြောင့် အရပ်သားပြည်သူများ ထိခိုက် သေဆုံးသူလည်း ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts