spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်းစစ်ကောင်စီက ကရင်ပြည်နယ်အတွင်း တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာသည်ဟုဆို

    စစ်ကောင်စီက ကရင်ပြည်နယ်အတွင်း တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာသည်ဟုဆို

    -

    ကရင်ပြည်နယ်အတွင်း အရပ်သားပြည်သူ နေထိုင်ရာနေရာကို စစ်ကောင်စီက ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း ပိုမိုလုပ်ဆောင်လာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောသည်။

    စစ်ကောင်စီက အရပ်သားပြည်သူများစုဝေးရာ အဆောက်အဦး၊ ဘုရားကျောင်း၊ စာသင်ကျောင်းနှင့် ဆေးရုံတို့ကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုကို ဆိုးရွားစွာ ကျူးလွန်နေသည်ဟု KHRG ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးအပြင် ဒီနောက်ပိုင်းမှာ ဒရုန်းနဲ့တိုက်ခိုက်တာက ပိုပြီး တော့လုပ်ဆောင်လာတယ်။ ရွာတွေမှာ အဓိကထားလုပ်ဆောင်တယ်၊၊ သူတို့က အရပ်သားပြည်သူတွေရှိတဲ့နေရာကို ရှောင်ကျဉ်းပြီး လှုပ်ရှားတာမဟုတ်ဘဲ၊ တကယ့်ရည်ရွယ်ချက်ရှိရှိသော်လည်းကောင်း၊ ရမ်းသမ်းသော်လည်းကောင်း၊ ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်မှုက ပိုပြီး ထိခိုက်ပျက်စီးမှုများတယ်။ ကျောင်းဆိုရင်လည်း၊ ဘာသာရေးအဆောက်အအုံ ဘုရားကျောင်းဆို လုံးဝတည့်တည့်ကြီးကို ရစရာမရှိအောင် ပျက်စီးတာ။ အရပ်သား ပြည်သူတွေသာမက အိမ်မွေးတိရစ္ဆာန်တွေလည်း သေဆုံးမှု တော်တော်များများပဲ။ ဒါက ကျနော်တို့ မြင်နေရတဲ့ အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့လုပ်ဆောင်မှုပဲ ” ဟု ၎င်းက ပြောသည်။

    စစ်ကောင်စီ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ပြည်သူများ အသက်သေဆုံးခဲ့ရသည်သာမက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ နေရာရွှေ့ပြောင်းနေထိုင်မှု၊ စားနပ်ရိက္ခာ မလုံလောက်မှု၊ ပညာရေး၊ ကျန်းမာရေး လက်လှမ်းမမှီမှု၊ အသက်မွေးဝမ်းကြောင်း စသည့်စိန်ခေါ်မှုမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရသည်ဟုလည်း စောနန္ဒဆူးက ဆက်ပြောသည်။

    စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ခွဲကာလအတွင်း ကရင်ပြည်နယ်တွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှု ကြောင့်အရပ်သား ပြည်သူ ၉၂၀ ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၈၅ ဦးသေဆုံးခဲ့ရပြီး၊ မြေမြုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့်လက်နက်ခဲယမ်းများကြာင့် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၉၇ ဦး ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့၏ အချက်အလက်များအရ သိရသည်။

    ယင်းအချက်အလက်များသည် ကရင်လူ့အခွင့်အရေးအဖွဲ့က လက်လှမ်းမှီသလောက် စုစည်းထားသည့်အချက်အလက်များသားဖြစ်ပြီး မြေပြင်တွင် အရေအတွက်ပိုများနိုင်သည်ဟု ဆိုသည်။

    စောနန္ဒဆူးက “တိုက်ပွဲမဖြစ်လဲပဲ စစ်ရေးပစ်မှတ်မဟုတ်ဘဲနဲ့ အပြစ်မဲ့ ပြည်သူတွေပဲ သေဆုံးနေတယ်။ သူတို့ ရွာထဲ ရမ်းသမ်းပစ်ခတ်နေတော့ ကလေးတွေဆို တစ်နှစ်လုံးလုံး ကျောင်းပိတ်ထားရတယ်။ ရွာသားတွေက ဘေးလွတ်ရာ ရှောင်သွားကြတာပဲ” ဟု ပြောသည်။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်နက်ကိုင်များသိမ်းပိုက်နေရာယူထားသည့် မြို့၊ ရွာများတွင် သတင်းရရှိမှုအပေါ်မူတည်ပြီး လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မည်ဖြစ်ကြောင်း စက်တင်ဘာလ ၃ ရက်နေ့ ရှမ်းပြည်နယ်ခရီးစဉ်တွင် ပြောဆိုခဲ့ပြီးနောက် တိုင်းရင်သားဒေသတို့ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာခဲ့သည်။

    လက်ရှိတွင် ရှမ်းပြည်နယ်၊ ကရင်နီ(ကယား)ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် တအောင်းဒေသတို့တွင် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့နှင့် တော်လှန်ရေးအင်အားစုတို့ ထိန်းချုပ်ထားသည့် နေရာများကို ဦးတည်ပြီးစစ်ကောင်စီကလေကြောင်း တိုက်ခိုက်မှုအပြင်းအထန်လုပ်ဆောင်နေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts