Homeသတင်းကျိုက္ခမီတွင် ဝမ်းပျက်ဝမ်းလျှောကြောင့် သေဆုံး ငါးဖမ်းလုပ်သား ခြောက်ဦးထိရှိလာ

ကျိုက္ခမီတွင် ဝမ်းပျက်ဝမ်းလျှောကြောင့် သေဆုံး ငါးဖမ်းလုပ်သား ခြောက်ဦးထိရှိလာ

-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ၀မ်းပျက်ဝမ်းလျှောကြောင့် ငါးဖမ်းစက်လှေလုပ်သား ခြောက်ဦး သေဆုံးပြီး ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေရများလည်း ရှိနေသည်ဟု မြို့ခံတို့ထံမှ သိရသည်။

ကျိုက္ခမီပင်လယ်ပြင်တွင် ငါးဖမ်းနေသည့် စက်လှေနှင့် ကျားဖောင်ရှိ ငါးဖမ်းလုပ်သားများ စက်တင်ဘာလပထမအပတ်အတွင်းက ဝမ်းပျက်ဝမ်းလျှော စတင်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“ငါးဖမ်းလှေ ၄ စီးက လှေလုပ်သားတွေ ဝမ်းပျက်ဝမ်းလျှောဖြစ်ကြတာ။ စက်တင်ဘာ ၁၀ ရက်နေ့က စဖြစ်ကြတာ။ အခုဆိုရင် သေတာ ခြောက်ယောက်ရှိသွားပြီ။ ဆေးကုနေရာတာလည်း ရှိတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

ဝမ်းပျက်ဝမ်းလျှောကြောင့် ကျိုက္ခမီဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည့် ရေလုပ်သား ၁၀ ဦးထက်မနည်းရှိပြီး ရေလုပ်သား ၈၀ ဦးကျော်ကို စောင့်ကြည့်နေရသည်ဟု သိရသည်။

ကျိုက္ခမီမြို့တွင် လှေလုပ်သားများအပြင် ဒေသခံတချို့လည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေကြရကြောင်း သိရသည်။

မြို့နယ်ကျန်းမာရေးဦးစီးဌာနကတော့ ပင်လယ်ပြင်တွင် လှေလုပ်သားများ မသန့်ရှင်းသည့်ရေ သောက်သုံးမိရာမှ ယခုလို ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသည်ဟု ယူဆရကြောင်းကို နီးစပ်သူတစ်ဦးက ပြောသည်။

လှေလုပ်သားများ ဝမ်းပျက်ဝမ်းလျှောဖြစ်နေသည့် ကျိုက္ခမီမြို့တွင် စက်တင်ဘာလ ၁၀ ရက်နေ့ကစပြီး စားသောက်ဆိုင်များ၊ ထမင်းဆိုင်များအပါအဝင် အစားအစာရောင်းချသည့် ဈေးဆိုင်များ ယာယီပိတ်ထားရန် မြို့အုပ်ချုပ်ရေးအဖွဲ့က ညွန်ကြားချက်ထုတ်ထားကြောင်း မြို့ခံတို့ထံမှ သိရသည်။

ကျိုက္ခမီမြို့ပေါ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်တို့က ကလိုရင်းဆေးများဝေငှခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts