spot_img
Saturday, October 12, 2024
More
    spot_img
    Homeသတင်းစစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင်လာသည့်အပေါ် ပြည်သူများ စိုးရိမ်ကြောက်လန့်နေ

    စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင်လာသည့်အပေါ် ပြည်သူများ စိုးရိမ်ကြောက်လန့်နေ

    -

    တိုင်းရင်းသားလက်နက်ကိုင်နှင့် တော်လှန်ရေးအင်အားစုတို့ လှုပ်ရှားမှု အားကောင်းသည့် နယ်မြေဒေသတို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လုပ်ဆောင်လာသည့်အတွက် ပြည်သူများအကြား စိုးရိမ်းမှုများ ဖြစ်ပေါ်လျက်ရှိသည်။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်နက်ကိုင်များ သိမ်းပိုက်နေရာယူထားသည့် မြို့၊ ရွာများတွင် သတင်းရရှိမှုအပေါ် မူတည်ပြီး လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မည်ဖြစ်ကြောင်း စက်တင်ဘာလ ၃ ရက်နေ့က တောင်ကြီးမြို့ရောက်စဉ် ပြောဆိုခဲ့ပြီးနောက် တိုင်းရင်းသားဒေသတို့ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာခဲ့သည်။

    ရှမ်းပြည်နယ်၊ ကရင်နီ(ကယား) ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် တအာင်းဒေသအတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် တော်လှန်ရေးအင်အားစုတို့ ထိန်းချုပ်ထားသည့် နေရာများကို ဦးတည်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် လုပ်ဆောင်လာသည်။

    ရခိုင်ပြည်နယ် မြောက်ဦးဒေသခံတစ်ဦးက “စစ်ကောင်စီက AA တို့ မြောက်ပိုင်းညီနောင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့ ကြေညာတာတစ်ကြောင်း၊ နောက်တော့ လက်နက်ကိုင်တွေရဲ့ ထိန်းချုပ်နယ်မြေတွေကို ထိုးစစ်ဆင်မယ်လို့ စစ်ကောင်စီက ပြောဆိုပြီနောက်မှာ လေကြောင်းတိုက်ခိုက်မှုတွေက သိသိသာသာကို တိုးလာတယ်။ အခုလည်း ကျနော်တို့ နေနေတဲ့အနီးတစ်ဝိုက်မှာ လေယာဉ် ပျံသန်းတာတွေ၊ ပစ်ခတ်တာတွေ နေ့တိုင်း ပြုလုပ်နေတယ်။ ဒီဘက်မှာ မောင်တောတိုက်ပွဲကလည်း ပြင်းထန်လာနေတယ်ဆိုတော့ လေယာဉ်က ဖြတ်သွားနေတာရှိတယ်။ မြေပြင်မှာ ပစ်ခတ်နေတာလည်း ရှိတယ်။ ကျနော်တို့မှာဆိုရင် မြို့ထဲကိုတောင် လေယာဉ်နဲ့ ပစ်ခတ်လာတဲ့ဖြစ်စဉ် ရှိလာခဲ့တယ်” ဟု ပြောသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့က ရခိုင်ပြည်နယ်၊ ပေါက်တောမြိုနယ်၊ ရှင်ရွာကျေးရွာရှိ စစ်သုံပန်းများနှင့် အကျဉ်းသားများများ ဆေးကုသပေးနေသည့် နေရာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေး၊ အရပ်သားပြည်သူများအပါ စုစုပေါင်း ၁၇ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦးထက်မနည်း ရှိသည်ဟု ရခိုင့်တပ်တော် AA က ထုတ်ပြန်ထားသည်။

    ၎င်းပြင် စက်တင်ဘာလ ၉ ရက်နေ့ ညကလည်း စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် မောင်တောမြို့၊ လေးမိုင် (နခခ-၂) စခန်းကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အကျဉ်းသား ၅၀ ကျော် ပွဲချင်းပြီး သေဆုံးကာ အမြောက်အများ ဒဏ်ရာရရှိခဲ့သည်။

    စစ်ကောင်စီက ထိုသို့ လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လုပ်ဆောင်လာသည့်အတွက် ဒေသခံပြည်သူလူထုတို့ကြား ကြောက်လန့်ပြီး၊ စိုးရိမ်းပူပမ်းနေကြရသည်ဟုလည်း အထက်ပါ မြောက်ဦးဒေသခံက ဆက်ပြောသည်။

    “ပြည်သူတွေကတော့ စိုးရိမ်းကြောက်ကြမှု ကြီးကြီးမားမား ဖြစ်လာနေတယ်ပေါ့လေ။ ဒေသခံတွေက တစ်နိုင်တစ်ပိုင် ဗုံးခိုကျင်းတွေ၊ လေကြောင်းအန္တရာယ်ကာကွယ်ဖို့ လုပ်ထားကြတာ ရှိတယ်။ ဒါပေမဲ့ ခက်တာက လူစုနေတဲ့ စစ်ဘေးရှောင်တွေ နေနေတဲ့ နေရာမှာဆိုရင် ဗုံးခိုကျင်းတွေလည်း မလုံခြုံတော့ဘူး။ မိုးရာသီလည်း ဖြစ်နေတော့ တော်တော်လေး ခက်ခဲတယ်။ လေယာဉ်တစ်ခါ လာရင် ဒေသခံတွေက ဘယ်နားသွားပုန်းရမှန်း မသိ ဖြစ်လာနေကြတယ်” ဟု ၎င်းက ပြောသည်။

    ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ထားသည့် နယ်မြေတွင်လည်း စက်တင်ဘာလ ၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    “ဟိုနေ့က ကျုံခဝန်မှာလည်း တိုက်ပွဲမရှိဘဲနဲ့ ဗုံးလာကြဲချလိုက်တယ်။ အခုလည်း လေယာဉ် ပျံသန်းနေတာ ရှိတယ်။ လေယာဉ် ပျံသန်းနေတော့ ဒေသခံတွေက ကြောက်ပြီး ဟိုရှောင် ဒီရှောင်ပေါ့” ဟု ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးဒေသခံတစ်ဦးက ပြောသည်။

    လက်ရှိတွင် စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယခင်ကထက် ပိုမို ခပ်စိပ်စိပ် ပိုမိုလုပ်ဆောင်လာသည်။

    အထူးသဖြင့် လူနေထူထပ်သည့် နေရာ၊ ဆေးရုံ၊ စာသင်ကျောင်း၊ စျေး၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ လူနေအဆောက်အဦး၊ အစိုးရအဆက်ဆက်လက်ထက် အသုံးပြုခဲ့သည့် ဌာနဆိုင်ရာ အဆောက်အအုံများအပါအဝင် ၎င်းတို လက်လွှတ်ဆုံးရှုံးထားရသည့် စခန်းများ၊ နေရာများပါမကျန် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

    ကရင်နီဒေသတွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ လေယာဉ် တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာနေပြီး အရပ်သားထိခိုက်သေဆုံးမှုလည်း များပြားလာသည်။

    “အရင်ကတည်းက ကရင်နီဒေသမှာ လေယာဉ်တိုက်ခိုက်မှုတွေက ရှိနေတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ကရင်နီမှာ လေယာဉ်တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်။ လူသေဆုံးတာ ရှိတယ်။ အရင်ကလည်း ရှိခဲ့တယ်။ ဒါပေမဲ့ အခုလောက် မများဘူးပေါ့။ ပြီးခဲ့တဲ့ ရက်ပိုင်းက နှစ်နေရာ လေယာဉ်နဲ့ ဗုံးကြဲတယ်။ ထိခိုက်သေဆုံးတာ အများကြီးပဲ။ တိုက်ပွဲနဲ့ မဆိုင်ဘဲနဲ့ ဒီအတိုင်း ဗုံးလာကြဲတယ်။ လူတွေ၊ အရပ်သားတွေ နေတဲ့နေရာတွေကို လာကြဲတာမျိုးတွေက ဖြစ်လာတယ်။ ပြည်သူတွေရဲ့ စိုးရိမ်းမှုက အရင်ကထက် မြင့်မားလာတယ်။ ကိုယ်ဘက်က ဘာမှလည်း ပြန်လုပ်ပေးလို့ မရဘူးဆိုတော့လေ။ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်မျက်စိရှေ့မှာတင် သေဆုံးနေကြတဲ့လူတွေကို တွေ့နေတော့ စိုးရိမ်းကြောက်စိတ်တွေ ပိုဖြစ်လာနေတာပေါ့” ဟု ကရင်နီဒေသခံတစ်ဦးက ပြောသည်။

    တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်နှင့် ဆိပ်မူရွာထဲကိုလည်း စစ်ကောင်စီက စက်တင်ဘာလ ၁၂ ရက်နေ့က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။

    စစ်ကောင်စီက လူထူထပ်သည့်နေရာ၊ အရပ်သားနေထိုင်ရာနေရာများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာနေသည့်အတွက် ပြည်သူများ သတိထားသွားလာကြရန်နှင့် လေကြောင်းအန္တရာယ်ကို ပိုမိုသတိထားကြရန် တိုင်းရင်းလက်နက်ကိုင်တပ်ဖွဲ့တို့က သတိပေး ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    28,400SubscribersSubscribe
    spot_img

    Latest posts