ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်တပ် သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီမှ ၂ ရက်ဆက်တိုက် လေကြောင်း ဗုံးကြဲတိုက်ခိုက်နေကြောင်း၊ အရပ်သား ထိခိုက်သေဆုံးမှုလည်း ရှိနေကြောင်း MNDAA က ထုတ်ပြန်သည်။
စက်တင်ဘာလ ၈ ရက်နေ့တွင် စစ်ကောင်စီက လားရှိုးမြို့ပေါ်ရှိ စာသင်ကျောင်း၊ ပြည်ထောင်စု အားကစားကွင်း၊ Silver Sky ဟော်တယ်၊ အစိုးရဌာနရုံးနှင့် လူနေရပ်ကွက်များထဲကို ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင်လည်း စစ်ကောင်စီမှ လားရှိုးမြို့ပေါ်ရပ်ကွက် ၁ ကို ဗုံးကြဲချခဲ့ခြင်းကြောင့် ရပ်ကွက်ရုံးအပါအဝင် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုရှိပြီး လူသေဆုံးမှုများလည်း ရှိနေသည်။
လားရှိုးမြို့ခံတစ်ဦးက “လေယာဉ်ကတော့ ဝဲနေတာ ပြီးမှ ကြဲချလိုက်တာ။ တိုင်းရုံးဘက်ကို ကြဲတာ လူသေတယ်ဆိုတာ သိရတယ်။ ဘယ်နှစ်ယောက်လဲဆိုတာပဲ မသိရသေးတာ။ ၃ ရက်လောက်ရှိပြီ လေယာဉ်နဲ့ လာပစ်တာက။ လူက ပြန်လာနေတာ အများကြီးမရှိသေးပါဘူး။ ဒါပေမဲ့ အခုရက်ပိုင်း ဗုံးကြဲတော့ တချို့လဲ ပြန်ရှောင်ကြပြီ” ဟု ပြောသည်။
စစ်ကောင်စီက စက်တင်ဘာလ ၇ ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံအတွင်းရှိ စစ်ရေးပြင်းထန်သည့် နေရာများ၊ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မြို့ရွာများကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့သည်။
နှစ်ရက်အတွင်း ကရင်နီပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးသွားခဲ့သည်။
စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဆုံးရှုံးနယ်မြေများကို ပြန်လည်ရရှိရေး လိုအပ်သလို ဆောင်ရွက်သွားမည်ဟု တောင်ကြီးမြို့ခရီးစဉ်တွၚ် ပြောဆိုခဲ့သည်။