မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်နှင့် သားဖြစ်သူတို့ကို အမည်မသိ လက်နက်ကိုင်တစ်စုက သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး သေဆုံးသွားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်တို့ထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၆ နာရီကျော်အချိန်ခန့်က နှီးပဒေါကျေးရွာ ပြည်သူ့စစ် ခေါင်းဆောင် အောင်မင်းနိုင်နှင့် သားကို အမည်မသိ လက်နက်ကိုင်တစ်စုက ၎င်၏နေအိမ်တွင် လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။
“အဲနေ့က (စက်တင်ဘာ ၄ ရက်နေ့) မိုးမချုပ်ခင် ညနေ ၆ နာရီကျော်လောက်မှာ လာရောက် ပစ်သတ်သွားတယ်။ သူရဲ့ နေအိမ်အတွင်းမှာပဲ လာရောက်ပစ်သတ်လိုက်တယ်။ သူရော၊ သူ့သားရော နှစ်ယောက်စလုံး သေသွားတယ်။ ဘာကြောင့်လဲဆိုတာတော့ မသိဘူး” ဟု သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
နှီးပဒေါရွာ ပြည်သူ့စစ်ခေါင်းဆောင် အောင်မင်းနိုင်တို့ သားအဖ ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းကြောင့် ပစ်ခတ်ခဲ့သည်ကို မသိရှိသေးဘူးလို့လည်း ဆိုသည်။
သို့သော်လည်း ပြည်သူ့စစ်ခေါင်းဆောင် သတ်ဖြတ်ခံရမှုသည် လတ်တလော စစ်ကောင်စီက အကောင်အထည်ဖော်နေသည့် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းမည့်ကိစ္စနှင့် ပတ်သက်ဆက်စပ်နိုင်ကြောင်း ပြောဆိုသုံးသပ်မှု ရှိနေသည်။
“အခု သေဆုံးမှုက စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးကိစ္စနဲ့ ဆက်စပ်နိုင်တယ်။ တော်လှန်ရေးအဖွဲ့တွေကလည်း သတိပေးထားတာရှိတယ်လေ” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီက အကောင်အထည်ဖော်နေသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ကို ပြည်သူများ၊ အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီလက်အောက်ခံရှိ အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင်မှု မပြုလုပ်ရန်၊ ပြုလုပ်သူ မည်သူကိုမဆို ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု မွန်တော်လှန်ရေးအဖွဲ့တို့က စက်တင်ဘာလဆန်းပိုင်းတွင် သတိပေးထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်နေ ဦးမော့နှင့် သားဖြစ်သူတို့ကို အမည်မသိ လက်နက်ကိုင်တစ်စုက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ပြီး သေဆုံးသွားခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။