Homeသတင်းစစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် နှစ်ကရင်ဒေသခံ ၃ ဦး ဒဏ်ရာရ

စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် နှစ်ကရင်ဒေသခံ ၃ ဦး ဒဏ်ရာရ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်လမ်းဝရှိ ရာမညစက်သုံးဆီဆိုင်အနီးတွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်တို့ထံမှ သိရသည်။

စက်တင်ဘာလ ၅ ရက်နေ့ နေ့လည်ပိုင်းအချိန်ခန့်က နှစ်ကရင်လမ်းဝ ရာမညစက်သုံးဆီဆိုင်အနီးတွင် တော်လှန်ရးပူးပေါင်းတပ်ဖွဲ့တို့က လမ်းပိုင်းစစ်ဆေးရေးပြုလုပ်နေစဉ် မော့ကနင်အခြေစိုက် အမြှောက်တပ် ၃၁၇ မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၀ နှစ်နှင့် ၅၀ နှစ်အရွယ်အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဒဏ်ရာပြင်းထန်သည့် အမျိုးသားတစ်ဦးကိုတော့ မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ထားသည်ဟု ရေးဒေသခံတစ်ဦးက ဆိုသည်။

“နေ့လည် ၁၂နာရီ အချိန်လောက်ပဲ တော်လှန်ရေးအဖွဲ့တွေ လုံခြုံရေးစစ်ဆေးရေးလုပ်နေတာလို့ သတင်းရပြီးတော့ လက်နက်ကြီးနဲ့ပစ်လိုက်တာ တစ်ကြိမ်ပဲပေါ့။ တစ်ယောက်က လမ်းသွားရင်းနဲ့ ထိသွားတယ်။ ပြီးတော့ ကွမ်းယာဆိုင်မှာရှိတဲ့ လင်မယားနှစ်‌ကလဲထိသွားသွားတယ်။ သူတို့ကိုလမိုင်းဆေးရုံးမာ ပို့ထားတယ်။ နောက်တစ်ယောက်က မော်လမြိုင်ကိုပို့ထားတယ်။ သူ့ဒဏ်ရာက နဲနဲစိုးရိမ်ရတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

၎င်းပြင် စစ်ကောင်စီတပ် ပစ်ခတ်သည့်လက်နက်ကြီးထိပြီး လမ်းစစ်ဆေးရေးပြုလုပ်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု ဆိုသည်။

ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ နေ့လည်ပိုင်းတွင်လည်း မော့ကနင်အခြေစိုက် အမြှောက်တပ် ၃၁၇ မှ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း ထိခိုက်မှု ရှိ၊ မရှိကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

နှစ်ကရင်လမ်းဝတွင် တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့တို့သည် သြဂုတ်လ ၂၂ ရက်နေ့တွင် တော်လှန်ရေးအဖွဲ့တို့နှင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက် ပြန်လည်ဆုတ်ခွာခဲ့သည်ဟု သိရသည်။

သံဖြူဇရပ်-ရေး-ထားဝယ် ကားလမ်းပိုင်းတစ်လျှောက်တွင် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် မကြာခဏ အကြောင်းမဲ့ပစ်ခတ်နေသည့်အပြင် ပြီးခဲ့သည့်သြဂုတ်လအတွင်း အဆိုပါလမ်းပိုင်းတစ်လျှောက်တွင် ၆ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts