Homeသတင်းဖယ်ခုံ စစ်ဘေးရှောင်စခန်း ဗုံးကြဲခံရပြီး ၁၀ ဦးသေဆုံး

ဖယ်ခုံ စစ်ဘေးရှောင်စခန်း ဗုံးကြဲခံရပြီး ၁၀ ဦးသေဆုံး

-

ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ လအိစစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက စက်တင်ဘာလ ၅ ရက်နေ့ ညက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေး ၆ ဦးအပါအဝင် ၁၀ ဦးသေဆုံးကြောင်း မြေပြင်ကူညီကယ်ဆယ်ရေးလုပ်နေသူတို့ထံမှ သိရသည်။

ယမန်နေ့ည ၉ နာရီဝန်းကျင်အချိန်ခန့်က လအိစစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသား ၂ ဦး၊ ကျောင်းသူ ၄ ဦးနှင့် အမျိုးသမီး ၃ ဦးအလောင်း ရှာဖွေတွေ့ရှိထားပြီး တစ်ဦးပျောက်ဆုံးနေသည့်အတွက် ရှာဖွေမှု ပြုလုပ်နေဆဲဟု ဆိုသည်။

မြေပြင်ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက “ကျွန်တော်တို့က အဲဒီနားမှာပဲ ရှိတာ။ ညက ရှူးဆို ကျလာတဲ့အသံကို အရင်ကြားရတာ။ ဘယ်ကိုပစ်တာလဲဆိုတာ မသိရဘူး။ နောက်ပြီးမှ ဒီကိုပစ်တာဆိုတော့ အားလုံးက ဆွဲထုတ်စရာရှိတာထုတ် အကုန်လုပ်ရတာပေါ့။ ကျန်တဲ့လူတွေကိုလည်း နေရာရွှေ့ရတာပေါ့ဗျာ ဒီနေရာက မလုံခြုံတော့ဘူးလေ” ဟု ပြောသည်။

စစ်ကောင်စီ ကြဲချသည့် ဗုံးနှစ်လုံးအနက် တစ်လုံးက စစ်ဘေးရှောင်စခန်းအစွန်နေရာတွင်ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန်တစ်လုံးသည် စစ်ဘေးရှောင်စခန်းရှိ နေအိန်တစ်လုံးပေါ်တွင် တည့်တည့်ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်နေအိမ် ၁၆၇ လုံးရှိပြီး စစ်ဘေးရှောင်ဦးရေ ၆၆၀ ကျော် နေထိုင်သည့်နေရာဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူဦးရေ ၇၀၀ နီးပါးရှိသည့် စစ်ရှောင်စခန်းတစ်ခုဖြစ်သည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ထုတ်ပြန်ထားသည်။

ဖယ်ခုံမြို့နယ်အတွင်းရှိ လအိစစ်ဘေးရှောင်စခန်း လေယာဉ် ဗုံးကြဲခံရမှုသည် ယခုတစ်ကြိမ်ပါဆို ၇ ကြိမ်ရှိပြီးဖြစ်ကြောင်း၊ ယခင် ဗုံးကြဲခံရမှုတွင် ထိခိုက်သေဆုံးမှုမရှိခဲ့သော်လည်း ယခုအကြိမ်သည် ထိခိုက်သေဆုံးမှုများပြီး အဆိုးရွားဆုံးဖြစ်ကြောင်း စစ်ဘေးရှောင်စခန်းမှ သိရသည်။

ကရင်နီ(ကယား) ပြည်နယ်၊ လွိုင်ကော်မြို့ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ခဲ့ပြီး နောက်တစ်ရက် စက်တင်ဘာလ ၅ ရက်နေ့တွင် ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများကို စစ်ကောင်စီက ယခုလို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts