Homeသတင်းတနင်္သာရီမြို့နယ်တွင် တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး စစ်ရှောင်တိုးလာကာ စားနပ်ရိက္ခာပြတ်လပ်

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး စစ်ရှောင်တိုးလာကာ စားနပ်ရိက္ခာပြတ်လပ်

-

တနင်္သာရီမြို့နယ်တွင် ပစ်ခတ်တိုက်ပွဲနှင့်စစ်ကောင်စီမှလေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာခြင်းကြောင့် အမြဲတမ်းစစ်ရှောင်စခန်းအတွင်း ယာယီစစ်ဘေးရှောင်တို့ပါတိုးလာကာ စားနပ်ရိက္ခာပြတ်လပ်မှု ကြုံတွေ့နေရသည်ဟု စစ်ရှောင်ကူညီနေသူတို့ထံမှသိရသည်။

ပြီးခဲ့သည့် သြဂုတ်လနောက်ဆုံးအပတ်တွင် အဆိုပါတိုက်ပွဲတို့ကြောင့် ခြောက်မိုင်ရွာ၊ ဆယ်အိမ်စု၊ ဘန်လော၊ ထုံတော်ရွာမှ ယာယီစစ်ဘေးရှောင် ၇၀၀ ကျော်ရောက်ရှိလာပြီး လက်ရှိနွေဦးမေတ္တာစစ်ရှောင်စခန်းတွင် စစ်ရှောင်ဦးရေစုစုပေါင်း ၁၀၀၀ အထိရှိလာပြီဖြစ်သည်ဟု ဟုသိရသည်။

စစ်ရှောင်တစ်ဦးလျှင် ဆန်နှင့်စားနပ်ရိက္ခာ ၁၅ ရက်စာထောက်ပံ့ပေးနေရာမှ လက်ရှိတွင် တစ်ပတ်စာသာဝေငှထောက်ပံ့ပေးနိုင်သဖြင့် ယခုလအတွင်း စားနပ်ရိက္ခာမလောက်ငှနေကြောင်း နွေဦးမေတ္တာစစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။

“ဆန် ဆိုရင် နည်းနည်းပါးပါးပဲထောက်ပံ့ပေးနိုင်တယ်၊ အရင်ကဆို ၁၅ ရက်စာ ပေးထားတယ်အခုက တစ်ပတ်စာ ၅ ရက်အဲ့လောက်ပဲ လျှော့ပေးနိုင်တယ်။ ကုန်ဈေးနှုန်းတွေကလည်း သူများမှာ ၅၀ ဆိုရင်ဒီကျမတို့ဘက်က ၁၀၀ ပေးပြီးဝယ်နေရတဲ့အနေအထားလေ။ ပစ္စည်းဆိုလည်းဘာမှမှာလို့မရဘူး ဆန်ဆိုသူတို့မပေးတင်ဘူး။ သူတို့မပေး တင်လေဈေးပိုကြီးလေ၊ ရတဲ့နည်းနဲ့သယ်ယူနေရတာပဲ။ မိုးရာသီဆိုလည်းနှာစည်း၊ ချောင်းဆိုးဆေး ဝယ်သောက် နိုင်ဖို့ကလည်းအနိုင်နိုင်ပါပဲ pageကနေဝင်တဲ့ပိုက်ဆံတွေနဲ့ balance မညီတော့မကာမိဘူး ”ဟု ဆိုသည်။

တစ်ဖက်တွင် စစ်ကောင်စီမှ တနင်္သာရီမြို့နယ်နှင့်ပုလော၊ သရက်ချောင်းတို့တွင် စားနပ်ရိက္ခာသယ်ယူတင်ခွင့်ကို ပိတ်ဆို့ကန့်သတ်လိုက်ခြင်းကြောင့် ကန့်သတ်နယ်မြေစစ်ရှောင်စခန်းတို့တွင် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည့်အပြင် ဈေးနှုန်းအဆမတန်နှင့်ဝယ်ယူနေရသည်ဟု စစ်ရှောင်ကူညီနေသူတို့ထံမှသိရသည်။

တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စု ၆ မိုင်ကျေးရွာတွင် သြဂုတ် ၂၆ မှစ၍ လေးရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှာပြန်လည်ဆုတ်ခွာသွားသော်လည်း၊ စစ်ကြောင်းမကြာခဏဝင်ရောက်မှု၊ လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် နေရပ်မပြန်နိုင်ဘဲဖြစ်နေသည်ဟု ၎င်းကဆက်ပြောသည်။

နွေဦးမေတ္တာစစ်ရှောင်စခန်းမှကူညီကယ်ဆယ်သူ အမျိုးသမီးတစ်ဦးက “စစ်ကြောင်းထိုးလိုက်၊ တိုက်ပွဲဖြစ်လိုက် ၊ လက်နက်ကြီးပစ်လိုက်နဲ့ ၆ မိုင်ကရွာသားတွေရွာမှာနေလို့ မရတော့ ရွာလုံးကျွတ်တိမ်းရှောင်လာတယ်။ ကျောက်လုံးကြီးဘက်ကလေယာဉ်နဲ့ဗုံးခဏခဏလာချနေတော့ ရွာကိုဖြတ်ပြီး မှသွားတာဆိုတော့ သူတို့က လာပြီးကမ်းလှမ်းထားတော့တာဝန်ယူပေးထားတယ်၊ အမြဲတမ်းစစ်ရှောင်ရွာနဲ့ဆို အားလုံးပေါင်း ၁၄ ရွာရှိလာတယ် ”ဟု ၎င်းကပြောသည်။

စစ်ကောင်စီ၏ထိုးစစ်ဆင်မှုလျော့ကျခြင်းမရှိသည့်အပြင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဆက်တိုက်ဝင်ရောက်လာသည့်အတွက် စစ်ရှောင် ၆၃၆၀၀ ကျော် အထိတိုးလာသည်ဟု သုတေသနအဖွဲ့တစ်ခုဖြစ်သည့် Fe 5 Tanintharyi မှ ဇူလိုင်လအစီရင်ခံစာအရသိရသည်။

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားပြီး ဆေးဝါးနှင့်စားနပ်ရိက္ခာသယ်ဆောင်ခွင့် လုံးဝပိတ်ပင်ကန့်သတ်ထားသဖြင့် ယင်းဒေသရှိ စစ်ရှောင်များအခက်ခဲများစွာကြုံတွေ့နေရသည်ဟု ထုတ်ပြန်ချက် အရသိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts