မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ကို စစ်ကောင်စီက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာသော်လည်း သက်ရောက်မှုမရှိကြောင်း နိုင်ငံရေးသုံးသပ်သူနှင့် ပြည်သူတို့က သုံးသပ်သည်။
စစ်ကောင်စီကိုယ်၌က ပြည်သူလူထုတစ်ရပ်လုံးကို အကြမ်းဖက်နေကြောင်း၊ အကြမ်းဖက်နေသော အဖွဲ့အစည်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အုပ်စုဟု ကြေညာသည်မှာ အကျိုးမသက်ရောက်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။
“အဲဒါတွေကတော့ သိပ်တော့ သက်ရောက်မှုကတော့ ရှိမယ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီ ကိုယ်၌ကိုယ်က ပြည်သူတွေ၊ ပြည်သူတစ်ရပ်လုံးကို သူကိုယ်၌ကိုယ်က အကြမ်းဖက်နေတာပဲလေ၊ အကြမ်းဖက်နေတဲ့သူက သူများကို ပြန်ပြီး ကြေညာတာက သိပ် Effect (အကျိုးသက်ရောက်မှု) တော့ ဖြစ်မယ်မထင်ဘူး။ လုပ်ဆောင်လာမလားဆိုတာကလည်း သူကတော့ (စစ်ကောင်စီ) နဂိုကတည်းကလည်း ပြောပြီးသားပါ၊ မလုပ်ရဲတာ ဘာမှ မရှိဘူးဆိုပြီး အဲဒါကြောင့်လည်း သူမိုက်မိုက်ရိုင်းရိုင်း လုပ်နေတာလေ၊ မိုက်မိုက်ကန်းကန်းနဲ့ကို လုပ်နေတာပါ” ဟု ၎င်းက ပြောသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ကို အကြမ်းဖက်အုပ်စုဟု စစ်ကောင်စီ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
အလားတူ အာရက္ခတပ်တော် (AA) ကိုလည်း အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ပြန်လည်ရုပ်သိမ်းခြင်းကို ပယ်ဖျက်၍ အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီက ကြေညာခဲ့သည်။
လွတ်မြောက်ဒေသရှိ မြို့များအပေါ် AA တပ်ဖွဲ့ဝင်များ မရှိဘဲ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်နေသော စစ်ကောင်စီသည်လည်း အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း ရခိုင်ဒေသခံတစ်ဦးက ပြောသည်။
“စစ်ကောင်စီကိုလည်း စကစကိုလည်း အကြမ်းဖက်လို့ မြင်တယ်လေ၊ ဘာဖြစ်လို့လဲဆိုတော့ အကုန်လုံးက လက်နက်အားကိုးပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်နဲ့ တိုက်ပွဲဖြစ်နေကြတာဆိုတာတော့ ဓါးစာခံက ပြည်သူတွေလေ၊ မြို့ပေါ်မှာ စစ်ကောင်စီကလည်း အာဏာရှိတယ်။ လက်နက်ရှိတယ်ဆိုပြီး အန်တီတို့ ရခိုင်မှာ လွတ်မြောက်နယ်မြေလို့ ပြောရမှာပေါ့။ အဲဒီနေရာတွေမှာ အပေါ်ကနေပြီးတော့ လေယာဉ်နဲ့လာပြီး ဗုံးတွေ လာကြဲသွားတယ်။ သူတို့ ပစ်ချခဲ့တဲ့နေရာတွေက မြို့လယ်ခေါင်ဈေးဝယ်နေတဲ့ မြို့လယ်နေရာတွေကြီးပဲ။ မဆိုင်တဲ့ပြည်သူတွေ ထိခိုက်နစ်နစ်ပြီး သေဆုံးရတယ်” ဟု ၎င်းက ပြောသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့က ဆင်နွှဲခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အပါအဝင် တပ်စခန်းများ၊ ဗျူဟာကုန်း အများအပြားကို သိမ်းယူနိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့အများစုလည်း လက်နက်ချ အညံ့ခံခဲ့သည်။
လက်ရှိတွင်လည်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့အကြား ရှမ်းမြောက်ရှိ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် ရခိုင်ပြည်နယ်ရှိ သံတွဲ၊ ဘူးသီးတောင်တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။