Homeသတင်းDawei Watch သတင်းဌာနမှ သတင်းသမားနှစ်ဦးကို နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်ခြင်းအပေါ် တရားမျှတမှုမရှိဟုဆို

Dawei Watch သတင်းဌာနမှ သတင်းသမားနှစ်ဦးကို နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်ခြင်းအပေါ် တရားမျှတမှုမရှိဟုဆို

-

တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် Dawei Watch သတင်းဌာနမှ သတင်းထောက်နှစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီးခဲ့ပြီးနောက် စိတ်ကြိုက်ပုဒ်မတပ်ပြီး စစ်ခုံရုံးမှ နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်သည့်အပေါ် တရားမျှတမှုမရှိသည့်လုပ်ရပ်ဖြစ်သည်ဟု သတင်းမီဒီယာအခွင့်အရေး လှုပ်ရှားသူတို့က ရှုံ့ချပြောဆိုလျှက်ရှိသည်။

Dawei Watch သတင်းဌာနမှ သတင်းထောက်ဖြစ်သည့်ကိုမျိုးမြင့်ဦးကို ပြီးခဲ့သည့်မေလ ၁၅ ရက်နေ့တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခဲ့ပြီး၊ ကိုအောင်ဆန်းဦးကို ဖေဖော်ဝါရီ ၁၆ တွင် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက်ခြင်းဖြစ်သည်ဟု Dawei Watch သတင်းဌာနမှ သြဂုတ်လ ၂၇ ရက်နေ့ ထုတ်ပြန်ထားချက်အရ သိရသည်။

ယခုကဲ့သို့ စစ်ခုံးရုံးမှ တရားစီရင်အမိန့်ချလိုက်သည်နှင့်ပတ်သက်၍ တရားရေးရာလမ်းကြောင်းအရ ပြန်လည်တုန့်ပြန် ချေပခွင့်မရှိခဲ့သည့်အပြင် မည်သည့်တရားမျှတမှုမှတောင်းဆိုခွင့်မရှိခြင်းကြောင့် စစ်တပ်မှတရားမဲ့ပြုကျင့်နေသည့်ကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတကာမှဖိအားပေးရန်တောင်းဆိုထားသည်ဟု Dawei Watch အယ်ဒီတာချုပ်က ဆိုသည်။

“ ပြည်တွင်း သတင်းသမားတွေက စစ်တပ်ရဲ့တရားမဲ့လုပ်ရပ်တွေကိုခံနေရတယ်။ တရားရေးလမ်းကြောင်းအရ ဘာမှခုခံ ချေပခွင့်မရှိဘဲနဲ့ ဘာမှလုပ်လို့မရတော့ဘူး တရားမဲ့ပြုကျင့်နေတဲ့ အာဏာရှင်လက်ထပ်မှာ တရားမျှတဖို့အတွက်တောင်းဆိုလိုရမှာမဟုတ်ဘူး၊ ဒီလိုတရားမဲ့ ပြုကျင့်နေတာနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာကပိုပြီး ဖိအားပေးတာမျိုး လုပ်စေချင်တယ်။ အဲ့လိုလုပ်ဖို့အတွက်ကျနော်တို့တောင်းဆိုတယ်။ သတင်းသမားကို target ထားပြီးနှိပ်ကွပ်တယ်၊ လွတ်လပ်ခွင့်မရှိတဲ့အတွက်သတင်းသမားတွေက မြန်မာနိုင်ငံမှာ အဆိုးရွားဆုံး အခြေအနေကျရောက်နေတာပေါ့နော် ”ဟု ၎င်းကပြောသည်။

အဆိုပါသတင်းသမားနှစ်ဦးကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့က နေအိမ်အသီးသီးတွင် သတင်းရေးသားမှုကြောင့် စစ်ကောင်စီအဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်ပုဒ်မများဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

သတင်းသမားတို့ကို ထောင်ဒဏ်နှစ်ရှည်ချမှတ်နေခြင်းသည် လက်ရှိသတင်းမီဒီယာအလုပ် လုပ်ဆောင်နေသည့် သတင်းသမားတစ်ဦးချင်းစီတိုင်းနှင့် သတင်းမီဒီယာလောကတစ်ခုလုံးကို ကြီးမားသည့် ခြိမ်းခြောက်မှု၊
စိန်ခေါ်မှုဖြစ်စေပြီး၊မတရားပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM )မှ ဥက္ကဌ နန်းဖော့ဂေပြောသည်။

“ဒါကသတင်းမီဒီယာလောကကိုခြိမ်းခြောက်မှုတစ်ခုပဲပေါ့နော်ပြစ်ဒဏ်ကြီးကြီးမားမား ချလိုက် တာ၊ ထောင်ဒဏ်ချလိုက်ခြင်းဟာ မတရားပြစ်ဒဏ်စီရင်ခံလို့ပဲပြောချင်တာပေါ့နော်၊ နောက်ပြီးကြီးမားတဲ့ပြစ်ဒဏ်ကြီးက ကျန်တဲ့လက်ရှိသတင်းသမားတွေအယောက်ချင်းစီတိုင်းကခြိမ်းခြောက်မှုတစ်ခုပဲ အဲ့လိုပုံစံမျိုး တော့မြင်ပါတယ်။ ပြည်တွင်းမှာရှိတဲ့သတင်းသမားတွေရောနဲ့ ဒီသတင်းမီဒီယာကိုယုံကြည်စိတ်ချလို့ ဖလှယ်ပေး နေတဲ့ သတင်းအရင်းမြစ်တွေကိုလည်း အထူးလုံခြုံရေးကိုတော့သတိထားစေချင်တယ် ” ဟု ၎င်းကပြောသည်။

အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း ပြည်တွင်းသတင်းသမားများ သတင်းလုပ်ငန်း ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် ရှောင်တိမ်းနေရသည့်အနေအထားဖြစ်သဖြင့် အင်တာနက်လိုင်းဆက်သွယ်ရေးခက်ခဲမှု၊ လျှပ်စစ်မီးလိုအပ်ချက် အခက်ခဲအပြင် အထောက်အကူပြုပစ္စည်း မလုံလောက်မှု စသည့်စိန်ခေါ်မှုတို့နှင့် ရင်ဆိုင်နေရသည်ဟုလည်း ဆက်ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်နေ့တွင်မွန်ပြည်နယ်သတင်းထောက်ကိုထက်မြက်နှင့် ကိုဝင်ထွဋ်ဦးတို့ကို စစ်ကောင်စီမှ အင်အားအလုံအရင်းနှင့်စီးနင်းပစ်ခတ်ခဲ့သည့်ဖြစ်စဉ်အပေါ် RSF နယ်စည်းမခြားသတင်းထောက်များအဖွဲ့မှ စစ်ကောင်စီကို ဝေဖန်ရှုတ်ချခဲ့သည်။

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း သတင်းသမား ၇ ဦး သတ်ဖြတ်ခံရပြီး၊ ၆၂ ဦးဖမ်းဆီးထောင်ချခံထားရသည်ဟု နယ်စီးမခြားသတင်းထောက်များ (RSF) ထုတ်ပြန်ထားချက်အရသိရသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းသတင်းမီဒီယာလွတ်လပ်ခွင့် ကျဆင်းလာခဲ့ပြီး ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံလည်းပါဝင်နေသည်ဟု ပြီးခဲ့သည့်မေလ ၃ ရက်နေ့ "ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့"မှ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts