Homeသတင်းအနန်းကွင်းတိုက်ပွဲကြောင့် ကျေးရွာ ၁၀ ရွာခန့်က ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ

အနန်းကွင်းတိုက်ပွဲကြောင့် ကျေးရွာ ၁၀ ရွာခန့်က ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ

-

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ် အနန်းကွင်းကျေးရွာတွင် ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် အနီးတစ်ဝိုက်ရှိ ကျေးရွာ ၁၀ ရွာခန့်မှ လူဦးရေထောင်နှင့်ချီ နေအိမ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ အနန်းကွင်းဗျုဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က သြဂုတ်လလယ်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ကျေးရွာအတွင်းသို့ လေကြောင်းဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု တိမ်းရှောင်နေသူတို့က ပြောသည်။

အနန်းကွင်းနှင့် လွတ်ရှမ်းကျေးရွာဘက် ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် အနီးတစ်ဝိုက်ရှိ တညင်၊ ဖာယာ၊ ပန်းအောင်၊ ပုတော၊ ဖာယာ၊ ရက်ဖော၊ ကကတစ်၊ ခွန်နဝါ စသည့် ကျေးရွာ ၁၀ ရွာခန့်က ဒေသခံတို့ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

“အနန်းကွင်းနဲ့ လွတ်ရှမ်းမှာက ရွာလုံးကျွတ် ပြေးရတယ်။ အဲအနီးတစ်ဝိုက်က ရွာတွေရောဆိုရင် ၁၀ ရွာလောက်တော့ ရှိမယ်။ ပြေးရတဲ့ လူဦးရေကတော့ တော်တော်များမှာ။ ၄/၅ ထောင်လောက်တော့ ရှိမယ်။ တိုက်ပွဲဖြစ်နေတဲ့ အနီးတစ်ဝိုက်က လူတွေ အကုန်ပြေးရတယ်” ဟု အနန်းကွင်းရွာမှ တိမ်းရှောင်နေရသည့်အမျိုးသမီးတစ်ဦးက ပြောသည်။

ဒေသခံများသည် မော်လမြိုင်နှင့် သံဖြူဇရပ်ဘက်သို့ ထွက်ပြေးသွားသူများရှိသလို ၎င်းတို့ကျေးရွာနှင့် နီးသည့် ဝင်းခန၊ ဖားပြ၊ ကြက်ခြံ၊ ခလယ်စော စသည့် ကျေးရွာဘက်သို့ တိမ်းရှောင်သွားကြသူများလည်းနေပြီး စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နေကြသည်ဟု သိရသည်။

“စစ်ဘေးရှောင်တဲ့ လူတွေ တစ်ချို့က အမျိုးတွေ၊ အသိတွေအိမ်မှာ နေနေကြတယ်။ တစ်ချို့ဆို ကျောက်မိုးဂူတွေမှာ ဝါးတဲလေးတွေ ဆောက်ပြီး နေနေကြတယ်။ ညီမတို့က ဂူတွေထဲမှာ ရက်နည်းနည်းလောက်နေပြီး အဆင်မပြေတော့လို့ အသိအိမ်ကို ပြေးလာလိုက်တာ။ ညီမတို့က လုပ်ထားသမျှထိုင်စား၊ တစ်ချို့ဆို အကြွေးတက်၊ ဘာမှမပါလာတဲ့သူတွေက ပိုဆိုးတာပေါ့” ဟု အထက်ပါ စစ်ရှောင်သူအမျိုးသမီးက ဆက်ပြောသည်။

စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် လွတ်ရှမ်းရွာ ဘုန်းကြီးကျောင်းနှင့် ဒေသခံနေအိမ်များအပြင် အနန်းကွင်းရွာ တစ်ရွာလုံးနီးပါးလည်း ပျက်စီးသွားသည်ဟု သိရသည်။

Photos-Lut Shan Village

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts