Homeသတင်းသပိတ်ကျင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်

သပိတ်ကျင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်

-

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က အပြည့်အဝသိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ရှိ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်သည်။

သပိတ်ကျင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တို့က သြဂုတ်လ ၁၇ ရက်နေ့မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သြဂုတ်လ ၂၅ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ သနတ-၁၊ စခတ-၂၊ တတက-၁၃၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား ၁၃၀ ခန့် အထိုင်ချထားသည့် သပိတ်ကျင်းမြို့ကို ပြင်ဦးလွင်ခရိုင် တပ်ရင်း (၁၊ ၂)၊ အမှတ် (၅၀၉၊ ၅၁၀၊ ၅၁၂) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း-၅၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် W-89 တပ်ဖွဲ့၊ ကန့်ဘလူခရိုင် ပကဖ AA Gun တပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ ဒုတိယဗိုလ်မှူးကြီး စိုးမင်းသူကို အရှင်ဖမ်းဆီးရမိခဲ့သလို စစ်ဘက်ဆိုင်ရာ အသုံးအဆောင်များ၊ လက်နက်ကြီး၊ လက်နက်ငယ်များစွာလည်း သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

သပိတ်ကျင်းပကဖ တာဝန်ခံတစ်ဦးက “ကျနော်တို့တိုက်တာကတော့ ၁၀၂၇ စစ်ဆင်ရေးအစလောက်ထဲကလို့ ပြောလို့ရတယ်ပေါ့။ ဒီအတိုင်းပဲတိုက်လာတာ အခုမှရတာပေါ့။ အစက ဒီ ၁၉ ရက်နေ့လောက်မှာ မြို့ကိုရမလိုဖြစ်သေးတယ်။ စစ်တပ်က တပ်ဆုတ်ပြီး မြို့ဦးတောင်စေတီဘက်မှာ သွားခိုနေလို့ တိုက်ပွဲဆက်ဖြစ်တာ မနေ့ကရသွားတယ်” ဟု ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးသီးအလုံး ၇၀ ကျော် ကြဲချတိုက်ခိုက်ပြီး Y-12 ဖြင့် ဗုံးသီး ၁၅၀ ကျော် ကြဲချတိုက်ခိုက်၍ Mi-35 (၂) စီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

သပိတ်ကျင်းမြို့သည် ဧရာဝတီမြစ်ကမ်းဘေးရှိ မြို့တစ်မြို့ဖြစ်ပြီး စစ်ရေးအရ ရေကြောင်း၊ ကုန်းကြောင်းဖြင့် သွားလာနိုင်သည့် အရေးပါသောမြို့ဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts