spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ဒုတိယအကြိမ် ရေကြီးရေလျှံမှုသတိရှိရန် တိုက်တွန်း

    မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ဒုတိယအကြိမ် ရေကြီးရေလျှံမှုသတိရှိရန် တိုက်တွန်း

    -

    ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် သြဂုတ် ၂၃ ရက်နေ့မှ နောက်နှစ်ရက်အထိ မိုးပိုလာနိုင်မည်ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားသည့်နောက် ဒုတိယအကြိမ် ရေကြီးရေလျှံမှုသတိရှိရန် ရေဘေးကူညီကယ်ဆယ်ရေးအဖွဲ့တို့က တိုက်တွန်းထားသည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားအသင့်အတင့်ရှိနေပြီး မွန်ပြည်နယ်အပါအဝင် ကမ်းရိုးတမ်းဒေသတစ်လျှောက် ယနေ့သြဂုတ် ၂၃ မှစ၍ နောက် ၃ ရက်အထိ မိုးကြီးလာနိုင်မည်ဟု မိုးလေဝသနှင့် ဇလဗေဒ၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ပြောဆိုထားသည်။

    လက်ရှိတွင် မြစ်ရေ ချောင်းရေမြင့်တက်မှုမရှိသေးသော်လည်း ယခင်ရေကြီးရေလျှံမှုဖြစ်ခဲ့သည့် ရေးမြို့နယ်၊ ကျိုက်မရော၊ သထုံနှင့် ဘီးလင်းတို့တွင် ပျက်စီးဆုံးရှုံးမှုနည်းပါးရန် ပြင်ဆင်ဆောင်ရွက်သင့်သည်ဟု ကျိုက်မရောမှ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

    “မိုးက ဆက်‌တိုက် သုံး‌လေးရက်လောက် ရွာမယ်ဆိုရင် ရေထက် ကြီးနိုင်သေးတယ်။ ဘာလိုလဲဆိုတော့ အခါတိုင်းဆို ဒီအချိန်မာရေးကြီးရင် ပြန်မကျသေးဘူး။ အခု ဒီနှစ်က ဘယ်လိုဖြစ်လဲတော့ မသိဘူး။ ရေဆင်းမြန်သွားတယ်။ မနှစ်ကဆို ဩဂုတ်လ ကုန်ခါနီးမှ ဆင်းတယ်။ မနှစ်က နှစ်ပြန်ကြီးတယ်၊ ဒီနှစ်ကတစ်ခါပဲကြီးရသေးတယ်။ အများပြောတော့ ပြန်လာမယ် ပြောတာပဲ” ဟု ၎င်းက ဆက်ပြောသည်။

    ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ပြီးခဲ့သည့်ရေကြီးမှုဖြစ်စဉ်အတွင်း စစ်ကောင်စီ၏ ကန့်သတ်ပိတ်ပင်မှုတို့ကြောင့် ရေဘေးသင့်ဒေသခံတို့ အကူအညီရရှိမှုနည်းပါးခဲ့ပြီး လက်ရှိတွင် စားနပ်ရိက္ခာနှင့် ကြိုတင်ပြင်ဆင်မှုလုပ်ဆောင်ရန်လည်း တိုက်တွန်းထားသည်။

    ကရင်ပြည်နယ် မြဝတီမြို့ဘက်တွင်လည်း ရေထပ်မံနစ်မြုပ်မည့်အခြေအနေတွင်ရှိနေခြင်းကြောင့် ယခင်ရေဘေးကူညီကယ်ဆယ်ရေးစခန်းတို့ကို မပိတ်သိမ်းသေးဘဲ ပြင်ဆင်ဆောင်ရွက်မှုလုပ်ဆောင်နေသည်ဟု မြဝတီရေဘေးဒုက္ခကူညီရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

    “ မိုးဆက်တိုက်ရွာရင်တော့ မြုပ်ဖို့ ရှိသေးတယ်ထင်တယ်။ အခု ကျွန်တော်တို့က လှေတွေ လိုအပ်တဲ့အရာတွေ ပြင်ဆင်ထားတာနည်းနည်းရှိတယ်ပေါ့။ နောက်ပြီး မြစ်နဲ့နီးတဲ့သူတွေလဲ ပြင်ဆင်ထားတာတွေနည်းနည်းရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

    ပြီးခဲ့သည့် ဇူလိုင်လတတိယအပတ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း မြို့နယ် ၉ ခုထက်မနည်းမှ ဒေသခံသောင်းနှင့်ချီ နှစ်ပတ်ကြာ ရေဘေးသင့်ခဲ့ရသည်။

    ၎င်းအပြင် ရေဘေးကြောင့် လူထိခိုက်သေဆုံးမှုတို့လည်းရှိခဲ့ပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရေကြီးမှုဖြစ်စဉ်အတွင်း လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟုလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks