ပကတိအခြေအနေနှင့် ကင်းကွာနေသည့် NCA ကိစ္စ စွန့်လွှတ်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြသည့် မွန်လက်နက်ကိုင်အဖွဲ့အစည်းအားလုံးအပြည့်အဝ တိုက်ပွဲဝင်ရန်လိုအပ်သည်ဟု ယမန်နေ့သြဂုတ်လ ၁၉ ရက်နေ့ မွန်ပြည်ဖက်ဒရယ်ကောင်စီမှကျင်းပသည့် ( ၇၇ ) ကြိမ်မြောက်မွန်တော်လှန်ရေးနေ့အွန်လိုင်းအခန်းအနားတွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAမှ ခေါင်းဆောင်တစ်ဦးက ဆိုသည်။
နိုင်ငံတစ်ဝှမ်း စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နေသည်မှာ ခရီးတစ်ဝက်အထိပေါက်နေသော်လည်း မွန်ဒေသတွင်း တော်လှန်ရေးလူငယ်တို့ နှောင့်နှေးနေဆဲဖြစ်ပြီး နိုးကြွရန်လိုအပ်နေသည်ဟု ဆိုသည်။
PSLF/ TNLA မှ တွဲဖက်အတွင်းရေးမှူး( ၂ )မှ တားပန်လက ” ဒီတော်လှန်ရေးထဲမှာ လူငယ် လူရွယ်တွေ အများကြီးပါလာတဲ့ချိန်မှာ ကျွန်တော်တို့ညီနောင်တွေတော့ မွန်တွေက နည်းနည်းနှောင့်နှေးနေတယ်လို့ ပွင့်ပွင့်လင်းလင်းပြောကြားသွားမှာ ဖြစ်ပါတယ်။ လူငယ်တွေ လူရွယ်တွေ လူလတ်တွေလည်း နည်းနည်းနှောင့်နှေးနေကြသလို ကျွန်တော်တို့ရဲ့မိခင်အဖွဲ့အစည်းဖြစ်တဲ့ လူကြီးတွေလည်း ပကတိအခြေအနေနဲ့နည်းနည်းကင်းကွာပြီးတော့ NCAကို လက်မလွှတ်နိုင်သေးတဲ့ အနေအထားရှိနေတယ်။ အခုလိုမျိုးနိုင်ငံက ပြောင်းလဲဖို့သွားနေပြီးလမ်းတစ်ဝက်လည်းတော်တော်လေးကိုရောက်နေတဲ့အခြေအနေမျိုးမှာ NCA ဆိုတာက ကျွန်တော်တို့တွေ စွန့်လွှတ်ပြီးမှ တော်လှန်ရေးထဲမှာ အပြည့်အဝပါဝင်မယ်ဆိုရင် ကျွန်တော်တို့တွေအင်မတန်မှပဲ အခွင့်အလမ်းကောင်းအခြေအနေလို့ မှတ်ယူရမှာဖြစ်ပါတယ်”ဟု ဆိုသည်။
၎င်းအပြင် မွန်ပြည်သစ်ပါတီမှခွဲထွက်လာသည့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD တို့အပြင် မိခင်ပါတီဖြစ်သည့် မွန်ပြည်သစ်ပါတီနှင့် တော်လှန်ရေးအဖွဲ့အစည်းအားလုံး တော်လှန်ရေးတွင် တစ်စုတစ်စည်းတည်းပါဝင်ပြီး တိုက်ပွဲဝင်မှသာ မိမိတို့လိုအပ်သည့် မွန်ပြည်တစ်ခု အကောင်ထည်ဖော်နိုင်မည်ဟုလည်း ဆိုသည်။
တအောင်း/ပလောင်တို့ထက် ခိုင်မာသည့်နောက်ခံသမိုင်းအကြောင်း၊ ပညာရေးအရည်အချင်း၊ လူဦးရေနှင့် စီးပွားရေး ပိုင်ဆိုင်မှုအခြေအနေ သာလွန်နေသည့် မွန်လူမျိုးတို့သည် တော်လှန်ရေးဘက် တစိုက်မတ်မတ်မလုပ်ဆောင်နေသေးသည့်အခြေအနေတွင် ရှိနေသည်ဟုလည်း သူ၏အမြင်ကို ထည့်သွင်းပြောဆိုထားသည်။
“မွန်တွေ လုပ်နေတာတွေက အရာမထင်သေးပါဘူး။ အောင်မြင်မှု လက်စုတ်လက်ကိုင် မပြနိုင်သေးဘူးလို့ ကျွန်တော်မြင်ပါတယ်။ စုစုစည်းစည်းလုပ်ကြပါ။ စုစည်းဖို့လိုအပ်ပါတယ်။ လူကြီးတွေတော့ အထိုက်အလျောက်သူတို့တာဝန်ကျေခဲ့ပြီး၊ အသက် ၄၀ အောက် ၃၅ လူရွယ်တွေကတော့ အလုပ်ကောင်းကောင်းမလုပ်နေကြသေးဘူး။ အဲ့လိုမျိုးအနေအထိုင်ကနေ ကျွန်တော်တို့ရုံးထွက်မှ ကျွန်တော်တို့ပြန်လည်ထူထောင်ရေး ပြန်လည်တည်ဆောက်ရေးမှာ အပြည့်အဝပါဝင်ကြဖို့ တိုက်တွန်းလိုပါတယ်။ ထကြပါ။ လှုပ်ရှားကြပါ။ တော်လှန်ကြပါ။ အခုချိန်သည် အကောင်းမွန်ဆုံး အခွင့်အခါအကောင်းဆုံးအချိန်ဖြစ်ပါတယ်လို့ ပြောကြားရင်း နိဂုံးချူပ်ပါတယ်။ စုစုစည်းစည်းလုပ်ကြပါ။ ကျွန်တော်တို့တေအာင်း/ပလောင်/ဝညီအစ်ကိုတွေ မွန်တို့နဲ့ အမြဲတမ်းတူတူရှိနေပါတယ်။ ထကြပါ။ ထကြလော့ ထပြီးမှ လှုပ်ရှားကြရအောင် တိုက်ကြရအောင် မွန်ပြည်ကို ပြန်လည်ထူထောင်ကြရအောင်”ဟု ဆိုသည်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ ( MSFC ) မှ ကျင်းပသည့် ( ၇၇ ) ကြိမ်မြောက် မွန်တော်လှန်ရေးအခမ်းအနားကို အွန်လိုင်းပုံစံဖြင့်ကျင်းပခဲ့ပြီး သံဃာတော်များ၊ နယ်ပယ်အသီးသီးမှ နိုင်ငံရေးအဖွဲ့အစည်း တာဝန်ရှိသူများ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC )၊ အမျိုးသားညီညွတ်ရေးအစိုးရ( NUG )၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီးများနှင့် လူငယ်များအပါအဝင် ( ၈၅ ) ဦးထက်မနည်း တက်ရောက်ခဲ့ကြသည်။
အွန်လိုင်းအခမ်းအနားတွင် သဘာပတိကြီးနှင့်ခေါင်းဆောင်များ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ခေါင်းဆောင်တစ်ဦး၊ အမျိုးသားညီညွတ်ရေးအစိုးရမှ ပြည်ထောင်စုဝန်ကြီး၊ PSLF/TNLA မှ ခေါင်းဆောင်တစ်ဦး၊ မွန်ပြည်သစ်ပါတီ ( စစ်အာဏာရှင် တိုက်ဖျက်ရေး)မှ ခေါင်းဆောင်တစ်ဦးအပါအဝင် တော်လှန်ရေးအဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များ ဂုဏ်ပြုမိန့်ခွန်းပြောခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
