ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်းက စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကျသွားပြီးနောက် ရှမ်းမြောက်တစ်ခုလုံးမှာ စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်ပြီဟု နိုင်ငံရေးသုံးသပ်သူတို့က သုံးသပ်ပြောဆိုသည်။
ဇူလိုင်လ အစောပိုင်းက လားရှိုးမြို့ကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် ပူးပေါင်းတပ်ဖွဲ့တို့က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ဩဂုတ် ၃ ရက်နေ့မှာ စစ်ကောင်စီ၏ ရမခကို သိမ်းပိုက်နိုင်ခဲ့သည်။
ရမခ ကျသွားသည့်အတွက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဧရိယာတစ်ခုလုံးကျသွားသည်ဟု ပြော၍ရကြောင်း၊ ရှမ်းမြောက်တစ်ခုလုံးမှာ စစ်ကောင်စီ ပြန်ဆုတ်ရသည့် သဘောဖြစ်သွားကြောင်း နိုင်ငံရေး သုံးသပ်သူ တစ်ဦးက ဆိုသည်။
“ရှမ်းမြောက်တစ်ခုလုံးက ပြန်ဆုတ်သွားတဲ့ အနေအထား ဖြစ်သွာတာပေါ့။ ရှမ်းမြောက်ဆိုတာကတော့ ရှမ်းမြောက်ပဲ ဆိုပါတော့ဗျာ၊ လားရှိုး – ကျောက်မဲ၊ ကျောက်မဲ – သီပေါဆိုကတည်းကိုက ရမခ ဧရိယာ အကုန်ပါသွားပြီလေနော်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကြီး ဧရိယာ တစ်ခုလုံး ပါသွားတာပေါ့နော်၊ ရှမ်းမြောက်ပဲပေါ့နော်၊ ဒီလိုပဲ ပြောရမှာပေါ့နော်” ဟု ၎င်းက ပြောသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်က တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ မိုးကုတ်တို့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲအတွင်း တိုင်းရင်းသားလက်နက်အဖွဲ့အစည်းများ ဖြစ်ကြသည့် TNLA၊ MNDAA အပြင် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် (MDY-PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) တို့လည်း ပါဝင် တိုက်ခိုက်ခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မတ္တရာ၊ စဉ့်ကူးမြို့နယ်အထိ တိုက်ပွဲများ ကျယ်ပြန့်လာခဲ့ပြီး စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အပါအဝင် စစ်စခန်းများ၊ ဗျူဟာကုန်းများကို မဟာမိတ်တပ်ဖွဲ့တို့က သိမ်းပိုက်ရရှိခဲ့သည်။
ရမခ ကျသွားသည့်အတွက် ရှမ်းမြောက်နယ်မြေတစ်ခုလုံး တော်လှန်ရေးအင်အားစုများ၏ လက်ထဲ ရောက်သွားသည့် သဘောရှိကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
“အဲဒီ ရှမ်းမြောက်ကတော့ ရောက်နေတဲ့ သဘောတော့ သေချာပါတယ်။ ရှမ်းမြောက်ကတော့ ရှမ်းတောင်ကတော့ သူတို့ စစ်မဲ့ဇုံဖြစ်အောင်တော့ သဘောတူထားကြတယ် ကြားတယ်။ စစ်မဲ့ဇုံ ဟိုပုံးတို့ တောင်ကြီးတို့ တိုက်ပွဲ မဖြစ်ရေးပေါ့ဗျာ။ သို့သော်လည်းပဲ ရှမ်းမြောက်က တိုက်ထားတာလည်း အရှိန်ကရနေတော့ တန့်ယန်း၊ မိုင်းရယ်အထိ အဲဒီကားလမ်း မြောက်ဖက်ကတော့ အားလုံး ထိန်းချုပ်ထားတဲ့ သဘောဖြစ်သွားတာပေါ့။ မန္တလေးတို့ မေမြို့တို့ ရောက်မရောက်တော့ ကျနော်တို့ ခန့်မှန်းလို့ မရသေးဘူးဗျ” ဟု ၎င်းက ပြောသည်။
ရမခ တိုင်းစစ်ဌာနချုပ်ကို မဟာမိတ်တပ်များ ဝင်ရောက်ချိန် ဒဏ်ရာရ စစ်သားများနှင့် မိသားစုဝင် စုစုပေါင်း ၄၇၀ ကျော်ကို ထားခဲ့ပြီး စစ်ကောင်စီ အရာရှိကြီးများ စွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။
ထို့နောက် TNLA၊ MNDAA တို့ အသုံးပြုတိုက်ခိုက်နေသည့် ဒရုန်း၊ ဒရော့ဗုံးနှင့် ရှော့တိုက်ဒုံးများမှာ နည်းပညာအရ အဆင့်မြင့်တင် ပြင်ဆင်ထားကြောင်း၊ ကြေစားတပ်များ၏ နည်းပညာထောက်ပံကူညီမှု ရနေကြောင်း ရမခကျပြီးနောက် ဩဂုတ် ၅ ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ဖော်ဆောင်ခဲ့သည့် ၁၀၂၇ ပထမပိုင်း စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့၊ လောက်ကိုင်၊ ကုန်ကြမ်း၊ သိန္နီ၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုး၊ ကွမ်းလုံမြို့တို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
လက်ရှိ ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီ ကင်းစင်နယ်မြေဟု အကြမ်းဖျင်းအားဖြင့် ပြော၍ရကြောင်း၊ သို့သော်လည်း အချို့မြို့နယ်များတွင် စစ်ကောင်စီ အနည်းအကျင်းရှိနေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
“ယေဘုယျအားဖြင့် ပြောလို့ရပါတယ်။ အကြမ်းဖျင်းအားဖြင့် ပြောမယ်ဆိုရင်၊ ဒါပေမဲ့ မကင်းစင်သေးတဲ့ နေရာတွ တွေလဲ ရှိသေးတာကို၊ မကင်းစင်ဘူးဆိုတာ မူဆယ်မှာလည်း အနည်းအကျဉ်းရှိသေးတယ်။ သီပေါမှာ အနည်းအကျဉ်းရှိသေးတယ်။ နောက်ပြီး နောင်ချိုမှာလည်း အနည်းအကျဉ်းရှိသေးတယ်။ ရှိပါသေးတယ်၊ ဒါပေမဲ့ အင်နဲ့ အားနဲ့ သိပ်မရှိတော့ပါဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း မဟာမိတ်တပ်ဖွဲ့တို့က လားရှိုး၊ မိုးမိတ်၊ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။