စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအတွင်းက နေရာများကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရသည်။
သြဂုတ်လ ၅ ရက်နေ့ ညနေ ၃ နာရီခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းဖြင့် ၄ ကြိမ်လာရောက်ပြီး ပေါင် ၅၀၀ ဗုံး ၇ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း တအာင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က ယနေ့ ဩဂုတ်လ ၇ ရက်နေ့က ထုတ်ပြန်သည်။
စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့ ရပ်ကွက် ၅ နှင့် ရပ်ကွက် ၈ မှ ဒေသခံပြည်သူ ၆ ဦး သေဆုံးသွားခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
၎င်းပြင် ကွတ်ခိုင်မြို့မစျေးရှိ ဆိုင်ခန်းပေါင်း ၄၀၁ ခန်း မီးလောင်ပျက်စီးသွားသည့်အပြင် အရပ်သား နေအိမ် ၁၀ လုံးထက်မနည်းလည်း ထိခိုက်ပျက်စီးသွားခဲ့သည်။
TNLA က သိမ်းပိုက်ထားသည့် ကျောက်မဲမြို့ကိုလည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်နေသည်။
စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် လားရှိုး၊ လောက်ကိုင်၊ ကွတ်ခိုင်၊ နမ့်ဆန်နှင့် မြောက်ဦးဒေသတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။
မြို့၊ ရွာ၊ ဆေးရုံ၊ ကျောင်း၊ ဈေးနှင့် နေအိမ်များကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကောင်စီကို တရုတ်အပါအဝင် နိုင်ငံတကာက တားဆီးပေးရန်လည်း ညီနောင်မဟာမိတ်က ထုတ်ပြန်တောင်းဆိုထားသည်။
အလားတူ မန္တလေးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) သိမ်းပိုက်ထားသည့် စဉ့်ကူးမြို့ကိုလည်း စစ်ကောင်စီက သြဂုတ်လ ၄ ရက်နေ့မှစကာ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တို့က ဆိုသည်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများကြောင့် စဉ့်ကူးမြို့အနီးရှိ ကျေးရွာများမှ ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း မတ္တရာပကဖထံမှ သိရသည်။
သြဂုတ်လ ၆ ရက်နေ့ညပိုင်းတွင်လည်း MDY- PDF နှင့် ပူးပေါင်းတပ်တို့ ထိုးစစ်ဆင်နေသည့် ပုသိမ်ကြီးမြို့နယ်ကြားရှိ ဒေသများ၊ မတ္တရာမြို့နယ် အယ်လ်ဖာဘိလက်မြေစက်ရုံနှင့် ကျောက်တံတားအနီးတဝိုက်တွင်လည်း စစ်ကောင်စီက Mi 35 အမျိုးအစားလေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အရပ်သား ၃ ဦးထက်မနည်း သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လက်လွှတ်လိုက်ရသည့်နယ်မြေများအတွက် လက်တုံ့ပြန်သွားမည်ဟု စစ်ခေါင်းဆောင် ဗိုလ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ်လ ၅ ရက်နေ့က ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုထားသည်။