တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်း ပြန်လည်စတင်ပြီဟု တရားဝင် ထုတ်ပြန်ပြောဆိုခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် မူဆယ်မြို့ ဝန်းကျင်တွင် ပစ်ခတ်သံများ စတင်ထွက်ပေါ်လာပြီး အဆိုပါစစ်ဆင်ရေးကို TNLA မှ ပြန်လည်ဦးဆောင်လာသည်ဟု ဆိုကြသည်။
ကြေညာချက် မထုတ်ပြန်မီ ညပိုင်းတွင် TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်တာဘုန်းကျော်မှ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများအချိန်မရွေး ဖြစ်လာနိုင်သည့်အတွက် စစ်ရေးသတိရှိကြရန် ပြောဆိုခဲ့သည့် ရုပ်သံဖိုင် ထွက်ပေါ်လာခဲ့သည်။
ယင်းနောက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲနှင့် နောင်ချိုမြို့အပါအဝင် အနီးနားရှိ ကျေးရွာများတွင် တိုက်ပွဲများ နေ့စဉ်အတွင်း ဟိုက်ဂင်သဘောတူညီချက် အမှန်တကယ်ပျက်စီးသွားသည်မှာ ပါးစပ်ပြော မဟုတ်တော့ပေ။
ပျက်စီးသွားသော ဟိုက်ဂင်သဘောတူညီချက်
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်တွင် လားရှိုးမြို့အထွက် တိုးဂိတ်အပါအဝင် ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ လားရှိုး၊ နမ့်ခမ်းရှိ စစ်ကောင်စီတပ်စခန်းများကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အဆိုပါစစ်ဆင်ရေးအတွင်း နယ်စပ်ဂိတ်ရှိသည့် ချင်းရွှေဟော်အပါအဝင် မြို့ပေါင်း ၁၇ မြို့ကို စစ်ကောင်စီက လက်လွှတ်ခဲ့ရသည်။
လောက်ကိုင်ရှိ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) မှ အရာရှိများအပါအဝင် ရာနှင့်ချီသည့် စစ်ကောင်စီတပ်သားများ လက်နက်ချ အညံ့ခံမှုများသည် စစ်ကောင်စီ၏ သမိုင်းဝင် အရှက်ရစရာများပင် ဖြစ်ခဲ့သည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့ကို ဆက်လက်နီးကပ်လာသည့် စစ်ဆင်ရေးကို ဟန့်တားနိုင်ရန် စစ်ကောင်စီ မစွမ်းနိုင်တော့သည့်အခါ တရုတ်အကူအညီ ယူရလေတော့သည်။
ရှမ်းမြောက်တွင် စစ်ဆင်ရေးပြင်းထန်နေချိန် အောက်တိုဘာလ ၃၁ ရက်နေ့တွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီး မစ္စတာ ဝမ်ချောက်ဟုန်နှင့် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။
ယင်းနောက် တရုတ်၏ ဖိတ်ကြားမှုကြောင့်ဆိုကာ စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်ကြသော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ရက္ခိုင့်တပ်တော် AA တို့ တရုတ်နိုင်ငံကူမင်းမြို့တွင် သုံးကြိမ်ထက်မနည်း တွေ့ဆုံခဲ့ကြသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှာတော့ မြောက်ပိုင်းသုံးဖွဲ့နှင့် စစ်ကောင်စီကြား အပစ်ရပ်သည့် “ဟိုင်ဂင် သဘောတူညီချက်” ရရှိခဲ့ကြသည်။
သဘောတူညီချက်များတွင် မဟာမိတ်တပ်များအနေဖြင့် ထိုးစစ်ဆင်မှုများရပ်တန့်ရန်နှင့် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ မလုပ်ရန်သာ ပါဝင်ပြီး အသေးစိတ်အချက်အလက်များကို မသိခဲ့ရပေ။
ဟိုက်ဂင်သဘောတူညီမှုရရှိပြီးနောက် နှစ်ဖက် ပစ်ခတ်မှု ရပ်တန့်သွားခဲ့သော်လည်း လပိုင်းခန့်အကြာတွင် စစ်ကောင်စီဘက်က ဟိုက်ဂင်သဘောတူညီချက်ကို လေးစားလိုက်နာမှုမရှိပဲ အကြိမ်ကြိမ်ချိုးဖောက်နေသည့်အတွက် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ပြန်လည်စတင်ကြောင်းကို TNLA ဘက်က ကြေညာခဲ့သည်။
ရှမ်း-မန်းစစ်ဆင်ရေး (သို့) PDF များ၏ စစ်မျက်နှာ
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြန်လည်စတင်လာသည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စစ်မျက်နှာသည် မန္တလေးတိုင်းအထိ ကျယ်ပြန့်လာသည်။
၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပါ ပါဝင်လာပြီး မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA နှင့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်MDY-PDF အပါအဝင် မဟာမိတ်ပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ဇူလိုင်လအစောပိုင်းကာလအတွင်း မိုးကုတ်မြို့အနောက်ပိုင်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး အရှေ့ခြမ်းကိုလည်း ဇူလိုင်လ နောက်ဆုံးအပတ်တွင် သိမ်းပိုက်ကာ မိုးကုတ်တွင် စစ်ကောင်စီတပ် ကင်းစင်သွားခဲ့သည်။
တချိန်တည်းတွင် မန္တလေးမြို့နှင့် မိုင် ၂၀ ကျော်သာ ကွာဝေးသည့် မတ္တရာမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားလာပြီး ဇူလိုင်လ ပထမအပတ်အတွင်း အင်ကြင်းမြိုင်ကျေးရွာအခြေစိုက် ၁၀၁၄ လေကြောင်းရန် ကာကွယ်ရေး တပ်စခန်းကို ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ခဲ့သည်။
မန္တလေးမြို့၏ ဝင်ပေါက်ဟု တင်စားကြသည့် မတ္တရာမြို့နယ်အတွင်း တိုက်ပွဲများ စတင်ပြင်းထန်လာပြီးနောက် စစ်ကောင်စီမှ မြို့ပေါ်တွင် ခံစစ်စပြင်ခဲ့သော်လည်း နိုင်ငံအနှံ့တပ်ဖြန့်ထားရသည့် စစ်ကောင်စီသည် ပြည်သူ့စစ်အပတ်စဉ် (၁) သင်တန်းဆင်းများကိုသာ ပေးပို့နိုင်သည်။
ဇူလိုင်လအတွင်း မတ္တရာမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုများကို စတင်တွေ့လာရပြီး ဇူလိုင်လ ၃၁ ရက်နေ့အထိ စဉ့်ကူးမြို့၊ မိုးကုတ်မြို့နှင့် မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်း ၃၅ ခုထက်မနည်းကို ပူးပေါင်းတပ်တို့က သိမ်းပိုက်ခဲ့သည်။
၎င်းပြင် စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ အရာရှိကိုပါ သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။
စစ်တပ်၏ သမိုင်းဝင်ဆုံးရှုံးမှုများ
စစ်ဆင်ရေး မစမီ ဇွန်လအစောပိုင်းတွင် တိုင်းရင်းသားတော်လှန်ရေး ပူးပေါင်းတပ်များမှ လားရှိုးမြို့ ပတ်ပတ်လည်တွင် ဝင်ရောက်နေရာယူထားသည်ဆိုသည့် သတင်း ထွက်ပေါ်လာခဲ့သည်။
စစ်ရေးပြင်ဆင်ချိန်ရရှိထားသည့် စစ်ကောင်စီဘက်က တိုင်းရင်းသားတော်လှန်ရေး ပူးပေါင်းတပ်တို့၏ ထိုးစစ်ကို ခုခံရန် ယုံကြည်ချက်ရှိရှိဖြင့် စောင့်ဆိုင်းနေဟန်တူကြောင်း စစ်ရေးအကဲခတ်များက ဆိုသည်။
တိုက်ပွဲသည် ကျောက်မဲနှင့် နောင်ချိုဒေသတွင် စတင်ခဲ့ပြီး ၂ ရက်အတွင်း နောက်ချိုမြို့ကို တော်လှန်ရေး ပူးပေါင်းတပ်ဘက်က ထိန်းချုပ်လိုက်ရာမှ ဇူလိုင်လ ၁၀ ရက်နေ့တွင် နောင်ချိုမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။
နောင်ချိုသည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် စစ်ကောင်စီပထမဆုံး လက်လွှတ်လိုက်ရသည့် မြို့ဖြစ်လာပြီး ကျောက်မဲဒေသမှာလည်း စစ်ကောင်စီထိန်းချုပ်မှုအောက် လွတ်မြောက်ခဲ့သည်။
ဇူလိုင်လ ၃ ရက်နေ့တွင် စစ်ကောင်စီ၏ တပ်ရင်း ဌာနချုပ် ၃၀ ကျော် အခြေစိုက်ထားသည့် လားရှိုးမြို့ပေါ်သို့ စစ်မီး ကူးစက်လာသည်။
လားရှိုးမြို့သည် တစ်နိုင်ငံလုံးတွင် တတိယမြောက် အကြီးဆုံး တိုင်းစစ်ဌာနချုပ်အခြေစိုက်ထားပြီး အမြှောက်တပ်ရင်း အမတ ၃၄၆၊ ခြေလျင်တပ်ရင်း ခလရ ၆၄၊ ၄၁ နှင့် ခြေမြန်တပ်ရင်း ခမရ ၅၀၇၊ ၅၂၂ တို့ အပြင် တပ်မ ၉၉ လက်အောက်ခံတပ်များနှင့် စစ်ကောင်စီအင်အားထပ်ဖြည့်ထားသည့်တပ်ရင်းများဖြင့် ခံစစ်ပြင်ထားသည်။
လားရှိုးတိုက်ပွဲတွင် MNDAA က မြို့ပြင်မှ စစ်ကောင်စီ မြို့စောင့်တပ်များကို ရှော့တိုက်ဒုန်းများ အဓိက သုံးပြီး ထိုးဖောက်ဝင်ရောက်လာရာ မြို့အနောက်တောင်ဘက် ရပ်ကွက် ၅ ရှိ ခမရ ၅၀၇ အပါအဝင် ခြေလျင်ခြေမြန်တပ်များကို ဇူလိုင်လအတွင်း သိမ်းပိုက်ပြီး မြို့ကို MNDAA က ထိန်းချုပ်လိုက်သည်။
ထို့နောက် စစ်ကောင်စီ ရမခသည် MNDAA ၏ သားကောင်ဖြစ်လာတော့သည်။ ရမခသည် လားရှိုးမြို့ လေယာဉ်ကွင်းနှင့် ဘေးချင်းကပ်တွင်ရှိပြီး MNDAA မှ လေယာဉ်ကွင်းကို ကျော်ကာဝင်လာခြင်း ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။
စစ်ကောင်စီဘက်က မြို့တော်ခန်းမတွင် ခံစစ်ပြင်ထားပြီး ရမခဝင်းအတွင်း MNDAA မဝင်ရောက်နိုင်ရန် ဒုတိယစစ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်ထွန်းအောင်မှ မြေပြင်တွင် တိုက်ရိုက်ကွပ်ကဲနေသည်။
ရမခအတွင်းသို့ MNDAA တပ်များ စိမ့်ဝင်လာပြီးနောက် ဒုစစ်တိုင်းမှူးသည် ၂၅၀၀ ဘုရားကုန်းအနီးရှိ MPT တာဝါတိုင်ကုန်းသို့ ပြောင်းရွှေ့ကာ ဆက်လက်ကွပ်ကဲသည်။
ဇူလိုင်လ၂၇ ရက်နေ့တွင် အဆိုပါ တာဝါတိုင်ကုန်းကို MNDAA မှ ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးချုပ်တင်ထွန်းအောင် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
သြဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်းမှာတော့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို MNDAA က သိမ်းပိုက်လိုက်ကြောင်းကို အထောက်အထားနှင့်တကွ ထွက်ပေါ်လာခဲ့ပြီး တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးနှင့် ကျောက်မဲအခြေစိုက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ကို MNDAA က ဖမ်းဆီးထားကြောင်းလည်း သတင်းထွက်ပေါ်လာသည်။
လားရှိုးမြို့နောက်ဆုံးအခြေအနေ
လားရှိုးမြို့ကို MNDAA သိမ်းပိုက်ပြီးနောက် မြို့ပေါ်တွင် စစ်ကောင်စီတပ်များ မရှိတော့ကြောင်း ဒေသခံ အချို့ကပြောသည်။
လက်ရှိတွင် လားရှိုးမြို့အတွင်း ပစ်ခတ်သံများမကြားရတော့ကြောင်း ထွက်ပြေးတိမ်းရှောင်နေရသည့် မြို့ခံများကို MNDAA က မြို့ထဲ ပြန်လည်နေထိုင်ခွင့်မပြုသေးဘူးဟု ဆိုသည်။
လားရှိုးတိုက်ပွဲအတွင်း အရပ်သား ရာနှင့်ချီ သေဆုံးခဲ့ရပြီး နှစ်ရာဝန်းကျင် ဒဏ်ရာရာခဲ့သလို စာသင်ကျောင်း၊ နေအိမ်ရာနှင့်ချီလည်း ပျက်စီးမှုရှိခဲ့သည်။
စစ်ရေးသတင်းရင်းမြစ်တို့၏အဆိုအရ MNDAA က သိမ်းပိုက်ထားသည့် လားရှိုးမြို့တွင် လတ်တလော စစ်ရေးငြိမ်သက်နေသော်လည်း ဆုတ်ခွာသွားသော စစ်ကောင်စီတပ်များ ပြန်လည်ထိုးစစ်ဆင်ရန် (သို့) မြို့ကို လုံးဝ လက်မလွှတ်ရရန် ခံစစ်ပြင်နေနိုင်ကြောင်း ဆိုသည်။
စစ်ကောင်စီအနေဖြင့်လည်း တန့်ယန်းဘက်နှင့် အခြားသော စစ်ရေးလမ်းကြောင်းများမှ စစ်အင်အား ထောင်နှင့်ချီ ချီတက်လာပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း မြေပြင် စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။