Homeသတင်းမြန်မာငွေ ၁ သိန်းကျပ် ထိုင်းဘတ် ၆၈၀ အထိ စံချိန်တင်ကျဆင်း

မြန်မာငွေ ၁ သိန်းကျပ် ထိုင်းဘတ် ၆၈၀ အထိ စံချိန်တင်ကျဆင်း

-

ထိုင်း- မြန်မာငွေလဲဈေးကွက်တွင် ဇူလိုင်လအတွင်း မြန်မာကျပ်ငွေဆက်တိုက်ကျဆင်းနေပြီး ယနေ့ ဇူလိုင် ၃၀ ရက်နေ့ ညနေပိုင်းတွင်  မြန်မာကျပ်ငွေ ၁ သိန်းလျှင် ထိုင်းဘတ် ၆၈၀ အထိ စံချိန်တင်ကျဆင်းနေသည်ဟု သိရသည်။

ယမန်နေ့ ဇူလိုင် ၂၉ ရက်နေ့က မြန်မာကျပ်ငွေတစ်သိန်းလျှင် ထိုင်းဘတ် ၇၁၈ ဘတ် ပေါက်ဈေးရှိခဲ့သော်လည်း  တစ်ရက်အတွင်းကျပ် ၅၀၀၀ ဝန်းကျင်အထိ ထိုးတက်လာသည်ဟု သိရသည်။

“ငွေဈေးက တစ်နေ့ကိုသုံးကြိမ်အထိ ပြောင်းနေတယ်၊ ပြီးတော့ အခုက မြန်မာနိုင်ငံမှာရှိတဲ့ဘဏ်တွေမှာ ငွေလည်ပတ်မှုမရှိတော့ အလုပ်လုပ်လို့မရဘူးပေါ့။ ငွေလွဲတဲ့သူတွေလည် မရှိဘူး။ အခုတော့ ရွှေဆိုင်နဲ့ချိတ်ဆက်ပြီးတော့ လုပ်နေကြတယ်။ ရွှေဆိုင်က ဘတ်ကိုဝယ်တယ် အဲဒီကနေပဲ ငွေတွေကိုလည်ပတ်အောင် လုပ်နေတယ်” ဟု ကြာအင်းဆိပ်ကြီးမြို့နယ်မှ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုသည်။

ဒါ့အပြင် ဘဏ်ငွေထုတ်ယူမှုအခက်အခဲကြောင့်  ငွေကြေးလည်ပတ်မှုနည်းကာ လာမည့်သြဂုတ်လတွင်လည်း  မြန်မာကျပ်ငွေ ဆက်လက်ကျဆင်းနိုင်မည်ဟု  ထိုင်း- မြန်မာ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတို့က သုံးသပ်သည်။

ငွေဈေးအတက်အကျ မြန်နေခြင်းကြောင့် ငွေလဲလှယ်မှု နည်းသည့်အပြင် လုံခြုံရေးအခြေအနေကြောင့် ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတို့ နည်းပါးလာသည်ဟုလည်းသိရသည်။

လက်ရှိပြည်ပဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၅၃၀၀ ကျော်အထိ စံချိန်တင်ထိုးတက်နေပြီး ရွှေဈေးနှုန်းသည်လည်း ၆၅ သိန်းအထက် ဈေးထိုးတက်နေသည်ဟု သိရသည်။

ငွေလဲနှုန်းကြောင့် ကူးသန်းရောင်းဝယ်နေသည့် ကုန်သည်တို့အပြင် ထိုင်းနိုင်ငံအတွင်း ပညာသင်ကြားနေသည့် မြန်မာကျောင်းသားတို့ ကျောင်းစရိတ်အခက်အခဲဖြစ်နေသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts