မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး မြစ်ရေမြင့်တက်လာခြင်းကြောင့် မွန်ပြည်နယ် မြို့နယ်အချို့တို့တွင် ဇူလိုင်လ ၂၄ ရက်နေ့ ညနေပိုင်းခန့်ကစပြီး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။
မွန်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး မော်လမြိုင်၊ သံဖြူဇရပ်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံမြို့နယ်နှင့် ရေးမြို့နယ်အတွင်း မြစ်ရေ၊ ချောင်းရေနှင့် နီးစပ်သည့် အနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာတို့တွင် ရေလျှံမှုဖြစ်ပွားနေသည်။
သံဖြူဇရပ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေးကြီးရေလျှံမှုဖြစ်ပွားနေသည့်အပြင် လေပြင်းလည်း တိုက်ခတ်ကြောင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် ကရုပ္ပိဘုန်းကြီးကျောင်း ခေါင်မိုးသွပ်လန်သွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။
“ညက ၁၂ နာရီဝန်းကျင်လောက်ပဲ မိုးလည်းကြီး လေလည်းကြမ်းလို့ ကရုပ္ပိဘုန်းကြီးကျောင်းသွပ်တွေ လန်ထွက်ကုန်တယ်။ ဘုန်းကြီးကျောင်းတစ်ခုပဲထိသွားတယ်လို့ ကြားတယ်။ ပငနဲ့ ကရုပ္ပိလမ်းလည်း အနိမ့်ကားတွေသွားလာလို့မရဘူး။ မြင့်တဲ့ကားတွေပဲသွားလာလို့ရတာ။ ခုပဲဖုန်းဆက်မေးထားတာ” ဟု ဝဲကလောင်းဒေသခံတစ်ဦးက ဆိုသည်။
အလားတူ ရေးမြို့ပေါ်တွင်လည်း ရေဆက်လက်မြင့်တက်နေသည့်အပြင် ရေးမြို့နယ်၊ ကျောင်းရွာတွင်လည်း ရေ ၁၂ ပေထိ မြင့်တက်လာနေသည့်အတွက် ဒေသခံများ အရေးပေါ်ပြောင်းရွှေ့ရန် လူမှုကယ်ဆယ်ရေးအဖွဲ့တို့က သတိပေးနှိုးဆော်ထားသည်။
၎င်းပြင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန၏ ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့ တိုင်းတာချက်အရ ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနေသည့်အတွက် မြစ်နီးနားနေထိုင်သူများ အထူးသတိပြုနေထိုင်ကြရန် သတိပေးထုတ်ပြန်ထားသည်။
မွန်ပြည်နယ်အတွင် မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုကြောင့်နှင့် တောင်ပြို၊ မြေပြိုမှုကြောင့် နှစ်စဉ်လူသေဆုံးမှုရှိနေသည့်အတွက် ယခုနှစ်တွင်လည်း ထိခိုက်သေဆုံးမှုနည်းရန် သတိရှိစေလိုကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့လှုပ်ရှားသူတို့က တိုက်တွန်းပြောဆိုထားသည်။
မွန်ပြည်နယ်နှင့် ထိစပ်သည့် ကရင်ပြည်နယ်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် မြို့နယ်အချို့ရှိ မြစ်နှင့် နီးသည့် ရပ်ကွက်၊ ကျေးရွာတို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားသည်။
