မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျောက်ရေတွင်းကျေးရွာတွင် အစာအဆိပ်သင့်မှုကြောင့် ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေရသူ ၆၀ ကျော်အထိရှိလာကြောင်း ဒေသခံများထံမှ သိရသည်။
ကျောက်ရေတွင်းကျေးရွာတွင် ဇူလိုင်လ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် မင်္ဂလာဆောင်တစ်ခုမှ ကမ်းသည့် ကြက်သားဒံပေါက်စားသုံးမိပြီးနောက် ကလေး၊ လူကြီးများ အော့အန်မှုများဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ကြက်သားဒံပေါက်စားသုံးမိပြီး အောအန်မှုဖြစ်ပွားခဲ့သည့် ကလေး၊ လူကြီး စုစုပေါင်း အယောက် ၆၀ ကျော်ကို ဒေသခံလူမှုကူညီရေးအဖွဲ့တို ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ကြက်သားဒံပေါက်စားမိရာကနေ အစာအဆိပ်သင့်ကြတယ်။ အားလုံး ၆၀ ကျော်တယ်။ ကလေးတွေလည်းပါတယ်။ လူလတ်ပိုင်း၊ လူကြီးပိုင်း အရွယ်စုံပါဘဲ။ ဒီနေ့အထိ ဆေးကုသမှုခံယူနေကြရသူတွေရှိပါတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
အစာအဆိပ်သင့်ပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသူများကို အခြေအနေစောင့်ကြည့်နေပြီး စိုးရိမ်ရသည့် အခြေအနေဖြစ်ပေါ်လာပါက သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်နိုင်ရန် အဆင်သင့်စောင့်ဆိုင်းနေကြကြောင်း ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
“ကနဦးကတော့ (၁၃) ဦးဖြစ်တယ်။ နောက်ပိုင်း ကြက်သားဒံပေါက်စားမိတဲ့သူတွေအားလုံးလိုလိုဖြစ်ကြတော့ ဆေးရုံကို ပို့ပေးတာ အယောက် ၆၀ ကျော်သွားတယ်။ ဒါတောင် ရွာမှာ ရောဂါသိပ်မပြင်းထန်သူတွေလည်းရှိနေကြသေးတယ်လို့ သိရတယ်” ဟု ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အစာအဆိပ်သင့်သူများသည် ယနေ့ ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းအချိန်အထိ အသက်အန္တရာယ်စိုးရိမ်ရသည့်လူနာများမရှိသေးကြောင်းလည်း ၎င်းကဆိုသည်။
