မွန်ပြည်နယ်အတွင်း စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဗြောင်ဗြောင်တင်းတင်း ကျူးလွန်နေသည်ဟု လဂွန်းအိမ်စာစဉ်က ထုတ်ပြန်သည်။
မွန်ပြည်နယ်တွင် လက်နက်ကိုင်တိုက်ပွဲများ ပိုမိုကျယ်ပြန့်လာပြီး အထူးသဖြင့် တော်လှန်ရေးအင်အားစုလှုပ်ရှားမှုအားကောင်းသည့် သထုံ၊ ဘီလင်း၊ ကျိုက်ထို၊ ကျိုက်မရော၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်လာသည်။
ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခပြင်းထန်လာမှုနှင့်အတူ တဖက်တွင် လူ့အခွင့်အရေးချိုးဖောက် ခံရမှုအခြေအနေများလည်း ပိုမိုဆိုးရွားလာသည်ဟု လဂွန်းအိမ်စာစဉ်က ထုတ်ပြန်ထားသည်။
မွန်ပြည်နယ်တွင် စစ်ကောင်စီကြောင့် ဇွန်လအတွင်း သတ်ဖြတ်ခံရသူ ၁၀ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၂၆ ဦးရှိသည်ဟု လဂွန်းအိမ်က ပြုစုထားသည့်အချက်အလက်များအရ သိရသည်။
လူ့အခွင့်အရေးချိုးဖောက်ခံရသူ အများစုသည် မတရားဖမ်းဆီးခံရခြင်း၊ သတ်ဖြတ်ခံရခြင်း စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရခြင်း၊ သွားလာရင်း မြေမြုပ်မိုင်း ထိမှန်ပြီး ဒဏ်ရာရခြင်း၊ အသက်ဆုံးရှုံးခြင်း စသည်တို့ ပါဝင်သည်။
ထိုထိခိုက်သေဆုံးသူများထဲတွင် ကလေးသူငယ် ၈ ဦးလည်း ပါဝင်သည်ဟု လဂွန်းအိမ်စာစဉ်က ဆိုထားသည်။
စစ်ကောင်စီသည် လက်နက်မဲ့အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသည့်အပြင် ပြည်သူတို့၏ အိုးအိမ်ပစ္စည်းပိုင်ဆိုင်မှုများကိုလည်း ရည်ရွယ်ချက်ရှိရှိ ခိုးယူ လုယက်၊ ဖျက်ဆီးနေသည်ဟုလည်း ထုတ်ပြန်ထားသည်။
၎င်းပြင် ဇွန်လအတွင်း မွန်ပြည်တွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူ ၂၁ ဦးရှိပြီး စစ်ကောင်စီတပ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့်လည်း အိုးအိမ်ဖျက်ဆီးခံရမှု ၁၈ လုံးကျော် ရှိသည်။
