Homeသတင်းအ‌မြှောက်တပ် ၃၁၀ က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကိုရင်တစ်ပါး ပျံလွန်တော်မူ

အ‌မြှောက်တပ် ၃၁၀ က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကိုရင်တစ်ပါး ပျံလွန်တော်မူ

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ အမြှောက်တပ် ၃၁၀ တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကိုရင်တစ်ပါး ပျံလွန်တော်မူကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၂၉ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်ခန့်က စစ်ကောင်စီ အမတ-၃၁၀ တပ်ရင်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီ အမတ-၃၁၀ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးတစ်လုံးသည် ကျိုက်ထိုမြို့နယ်၊ ရေကျော်ကျေးရွာရှိ ဓမ္မဒူတဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ ကျောင်းရှိ အသက် ၁၀ နှစ်အရွယ် စာသင်သား ကိုရင်လေးတစ်ပါးနှင့် ကျောင်းဝေယျာဝစ္စလုပ်နေသည့် အသက် ၄၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“လက်နက်ကြီးတစ်လုံးက ဓမ္မဒူတဘုန်းတော်ကြီးကျောင်းဝင်းထဲကို ကျရောက်ပေါက်ကွဲခဲ့တာပါ။ အဲ့ဒီမှာ အသက် ၁၀ နှစ်အရွယ် စာသင်သားကိုရင်လေး ရှင်သုစိတ္တနဲ့ ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စလာလုပ်ပေးနေတဲ့ အသက် ၄၉ နှစ်အရွယ် ဒေါ်သီတာချိုတို့ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည့် ကိုရင်လေး ရှင်သုစိတ္တနှင့် ဒေါ်သီတာချိုတို့ကို သိမ်ဇရပ် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုယူနေစဉ် ယင်းနေ့ ညခန့်တွင် ကိုရင်လေးက ရရှိထားသည့် ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီ အမြှောက်တပ် ၃၁၀ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၄ နှစ်အရွယ် မနန္ဒာလင်း သေဆုံးသွားခဲ့ပြီး၊ အသက် ၁ နှစ်ခွဲဝန်းကျင်အရွယ်ရှိ မရွှေဇင်လေး ကျည်ရှပ်ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

အလားတူ ဇွန်လ ၂၁ ရက်နေ့ ညနေကလည်း ကျိုက်ထိုမြို့နယ် KNU အုပ်ချုပ်မှုနယ်မြေထဲကို စစ်ကောင်စီအမြှောက်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးတစ်လုံးသည် ခရွဲကျေးရွာ တောင်ကျောင်း ဘုန်းကြီးကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းထိုင် ဆရာတော်တစ်ပါး၊ ဦးဇင်းတစ်ပါးနှင့် အသက် ၇၅ နှစ်ရှိ ဦးစံတင်၊ အသက် ၆၂ နှစ်ရှိ ဒေါ်စန်းမြင့်တို့ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီ အမြှောက်တပ်စခန်းမှ ဒေသခံပြည်သူများ နေထိုင်ရာနေရာများထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်ထိခိုက်ပျက်စီးမှုလည်း ရှိခဲ့သည်။

စစ်ကောင်စီတပ်မှ လူနေထိုင်ရာရွာထဲသို့ လက်နက်ကြီး ရည်ရွယ်ချက်ရှိရှိ နေ့တိုင်းစဉ်လိုလို ပစ်ခတ်နေမှုကြောင့် ဒေသခံပြည်သူများ နေအိမ် စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရကာ ကျိုက်ထိုမြို့နယ် KNU အုပ်ချုပ်မှုနယ်မြေအတွင်း စစ်ဘေးရှောင် တစ်သောင်းကျော် ရှိနေသည်ဟု KNU က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts