Homeသတင်းနှစ်ရက်အတွင်း စစ်ကောင်စီစခန်း ၂၄ ခုကို TNLA သိမ်းပိုက်

နှစ်ရက်အတွင်း စစ်ကောင်စီစခန်း ၂၄ ခုကို TNLA သိမ်းပိုက်

-

ရှမ်းပြည်နယ်မြောက်ပိုင်း တအောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA စစ်ဒေသ ၂ ဒေသအတွင်းရှိ စစ်ကောင်စီစခန်းပေါင်း ၂၄ ခုကို ဇွန်လ ၂၇ ၇က်နေ့တွင် သိမ်းပိုက်ထားပြီး စစ်သုံ့ပန်း ၁၇ ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိထားကြောင်း TNLA က ထုတ်ပြန်သည်။

တပ်မဟာ (၂) စစ်ဒေသအတွင်းရှိ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါစသည့် မြို့နယ်များတွင် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) တိုက်ပွဲဖော်ဆောင်နေကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ အသိပေးထားသည်။

ကျောက်မဲမြို့နယ်ရှိ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ်(၃၅၂)အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်းစသည့် စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ပြီး ခမရ ၅၀၁ နှင့် ၅၀၂ သာ ကျန်တော့ကြောင်း သိရသည်။

ကျောက်မဲဒေသခံတစ်ဦးက “မနက်က စျေးသွားခွင့်ပေးတယ်။ မြို့ပြင်မှာတော့ ပစ်ခတ်သံတွေကြားနေရတုန်းပဲ လက်နက်ကြီးရော လက်နက်ငယ်ရော။ မြို့ထဲမှာတော့ စစ်တပ်ရော နှစ်ဘက်လုံးက ဘယ်တပ်မှ မတွေ့ဘူး။ စျေးက ၉ နာရီလောက်ထိဖွင့်ပြီးတော့ ပြန်ပိတ်တယ်။ မိုးကလည်းရွာနေတော့လေ နောက်ပြီးတော့ ဗုံးလာကြဲမှာလည်း ကြောက်နေရတယ်” ဟု ဆိုသည်။

စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဇွန်လ ၂၆ ရက်နေ့တွင် ကျောက်မဲရှိ ဒေသခံ ၄ ဦး သေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

နောင်ချိုမြို့နယ်ရှိ ခမရ(၁၁၅)၊ ရဲစခန်း၊ ကံ့ကော်စခန်း၊ ခဲမွန်စခန်း၊ ကျောက်ကြမ်းစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီးစသည့် စစ်ကောင်စီစခန်းများကိုလည်း သိမ်းပိုက်ရရှိထားပြီး နောက်ဆုံးကျန်နေသည့် ခမရ ၁၁၄ ကို TNLA က ဆက်လက်တိုက်ခိုက်နေသည်။

မိုးကုတ်မြို့နယ်တွင် ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတို့ကို သိမ်းပိုက်ထားပြီး တိုက်ပွဲများအတွင်း TNLA နှင့်အတူ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ပါဝင်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လက်နက်မျိုးစုံ (၅၁)လက်၊ RPG – 7 (၁)လက်၊ ၆၀ မမ (၁)လက်၊ စက်လတ် (၁)လက်၊ ကား (၂)စီး၊ ဒရုန်းကာကွယ်သည့် ဂျမ်ဘာ၊ စက်သွယ်ရေးပစ္စည်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိထားကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ထောင်ချီတိုးလာသလို နှစ်ဘက်လမ်းပိတ်ဆို့မှုများကြောင့် ပိတ်မိနေသူများလည်း ရှိနေကြသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts