မွန်ပြည်နယ်၊ မော်လမြိုင်သို့ ဝင်ရောက်လာမည့် ထိုင်းကုန်စည်များကို စစ်ကောင်စီတပ်မှ လိုက်လံဖမ်းဆီးနေသဖြင့် ယခုရက်ပိုင်းအတွင်း မော်လမြိုင်သို့ ထိုင်းကုန်စည်အဝင် ရပ်တန့်နေသည်ဟု သိရသည်။
“ဘုရားသုံးဆူဘက်ကဝင်တဲ့ကားတွေကော မြဝတီဘက်ကဝင်တဲ့ကားတွေကော စစ်တပ်ကလိုက်ဖမ်းနေတာ။ စံပယ်ဂူတံတားဘက်မှာက ဘုရားသုံးဆူဘက်ကဝင်လာတဲ့ ကား ၉ စီးလောက် စစ်တပ်က ဖမ်းပြီး အကောက်ခွန်ကိုလာအပ်သွားတယ်” ဟု ဒေသအာဏာပိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်တပ်မှလိုက်လံဖမ်းဆီးနေသဖြင့် မော်လမြိုင်သို့ဝင်ရောက်မည့် ထိုင်းကုန်စည်များ တင်ဆောင်လာသော မော်တော်ယာဉ်များ ဇာသပြင်နှင့် စံပယ်ဂူတံတား မရောက်ခင်တွင် ရပ်တန့်နေကြရကြောင်း ကုန်သည်များထံမှ သိရသည်။
“စံပယ်ဂူတံတား မရောက်ခင်နဲ့ ဇာသပြင် မရောက်ခင်မှာ ကုန်ကား ရာနဲ့ချီပြီး မော်လမြိုင်ဝင်ဖို့ စောင့်နေကြရတယ်” ဟု ကုန်သည်တစ်ဦးက ဆိုသည်။
မြဝတီမှ မော်လမြိုင်သို့ ကုန်ကူးနေသည့် ကုန်သည်တစ်ဦးကလည်း “မြဝတီကနေလမ်းမကောင်းလို့ ၃ ညလောက် အိပ်ပြီးလာရတာ။ အခု စစ်တပ်က လိုက်ဖမ်းနေတော့ ဇာသပြင် မရောက်ခင်မှာထပ်အိပ်နေရတယ်” ဟု ပြောသည်။
မော်လမြိုင်သို့ ထိုင်းကုန်စည်များ အဝင်ရပ်တန့်နေသဖြင့် ဒေသအတွင်းတွင် ထိုင်းကုန်ပစ္စည်းများ ပြတ်တောက်လျှက်ရှိသည်။
လက်ရှိတွင်လည်း ထိုင်း – မြန်မာနယ်စပ်တစ်ခုဖြစ်သည့် ဘုရားသုံးဆူနယ်စပ်ရှိ ကုန်သွယ်ရေးကို မြန်မာဘက်ခြမ်းမှ ပိတ်ထားသည့်အပြင် ထိုင်းနိုင်ငံဘက်မှလည်း နယ်စပ်ဝင်ပေါက်များအား ပိတ်ထားကြောင်း နှင့် ထိုင်းနိုင်ငံ၊ စံခလပူရီမြို့အထွက်တွင် ကုန်တင်ကား ၁၀၀ ကျော် တန်းစီကာ စောင့်ဆိုင်းနေရကြောင်း ဒေသခံများထံမှ သိရသည်။
ဘုရားသုံးဆူနယ်စပ်ဂိတ်ကို ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က မြန်မာဘက်က ပိတ်ထားခဲ့ခြင်းဖြစ်ပြီး လာမည့် စနေနေ့တွင် အဆိုပါ ဂိတ် ဖွင့်၊ မဖွင့် သိရန်အတွက် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“စနေနေ့ဆို မြန်မာဘက်က ထုတ်ပြန်မယ်ပေါ့။ ဒီဂိတ်ကို ပြန်ဖွင့်မလား မဖွင့်ဘူးလားဆိုတာ။ အဲဒါကို သိရဖို့ စောင့်နေကြတာ။ ကားတွေက ရာနဲ့ချီတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဘုရားသုံးဆူနယ်စပ်ဂိတ်စခန်းနားမှ စတင်ရာ လမ်းမပေါ်တစ်လျှောက် ကုန်တင်ယာဉ်များ တန်းစီ စောင့်ဆိုင်းနေကြရသည်။
